ဒေဝါလီပွဲတော်အား အများပြည်သူ ရုံးပိတ်ရက်အဖြစ် ပန်ဆယ်လ်ဗေးနီးယား ပြည်နယ် ကြေညာ

0
202

အမေရိကန်နိုင်ငံရှိ ပန်ဆယ်လ်ဗေးနီးယား ပြည်နယ်သည် ဟိန္ဒူ မီးထွန်းပွဲတော်ဖြစ်သည့် ဒီပါဝလီ ခေါ် ဒေဝါလီအား နိုင်ငံတော် အားလပ်ရက်အဖြစ် ကြေညာလိုက်ပြီဖြစ်ကြောင်း သိရသည်။

ပန်ဆယ်လ်ဗေးနီးယား ပြည်နယ်လွှတ်တော်သည် ဒေဝါလီနေ့အား အစိုးရ ရုံးပိတ်ရက်အဖြစ် အသိအမှတ်ပြုသည့် ဥပဒေကြမ်းကို အတည်ပြုခဲ့ကြောင်း အထက်လွှတ်တော်အမတ် နီကယ် ဆဗဲလ်က ဧပြီလ ၂၆ ရက် ဗုဒ္ဓဟူးနေ့တွင် တွစ်တာပေါ်၌ ရေးသားခဲ့သည်။

ဒေဝါလီနေ့အား နိုင်ငံတော်အားလပ်ရက်အဖြစ် သတ်မှတ်မည့် ဥပဒေကို ယခုနှစ် ဖေဖော်ဝါရီလတွင် ပန်ဆယ်လ်ဗေးနီးယား ပြည်နယ်မှ အထက်လွှတ်တော်အမတ်နှစ်ဦးဖြစ်သည့် ဂရက် ရော့မန်နှင့် နီကယ် ဆဗဲလ်တို့က စတင်တင်သွင်းခဲ့သည်။

အဆိုပါ ဥပဒေကို တင်သွင်းရာတွင် အထက်လွှတ်တော်အမတ် ရော့မန်က ဒေဝါလီ နေ့ အား နိုင်ငံတော် အားလပ်ရက်အဖြစ် အသိအမှတ်ပြုခြင်းသည် နိုင်ငံအတွင်း၌ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ကွဲပြားခြားနားစွာ တည်ရှိနေမှုကို အားပေးထောက်ခံခြင်းနှင့် ဂုဏ်ပြုပေးခြင်း ဖြစ်ကြောင်းအလေးပေး ပြောကြားခဲ့သည်။

ပန်ဆယ်လ် ဗေးနီးယားပြည်နယ်၌ ယခုနှစ် ဒေဝါလီပွဲတော် ကို နိုဝင်ဘာ ၁၂ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။

အိန္ဒိယ အမေရိကန် အင်းမ်ပက် အဖွဲ့အစည်း၏ အဆိုအရ ပန်ဆယ်လ်ဗေးနီးယား ပြည်နယ်တွင် အာရှနွယ်ဖွား အမေရိကန်နိုင်ငံသား ၆ သိန်းကျော် နေထိုင်ပြီး ထိုထဲမှ အများစုမှာ အိန္ဒိယလူမျိုး အမေရိကန်နိုင်ငံသားတို့ဖြစ်သည်။ ထို့ပြင် ပြည်နယ်ရှိ အိန္ဒိယလူမျိုး အမေရိကန်နိုင်ငံသား ၂ သိန်းနီးပါးသည် ဒေဝါလီပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ခမ်းနားစွာ ကျင်းပလေ့ရှိကြောင်း သိရသည်။

Source: ဝိုင်ယွန်


LEAVE A REPLY

Please enter your comment!
Please enter your name here