အိန္ဒိယသို့ အများဆုံး တင်ပို့နေသည့် ပြည်ပပို့ကုန် မတ်ပဲနှင့် ပဲတီစိမ်း‌ဈေးများ အမြင့်ဈေးတွင် ဆက်ရှိနေ

0
483

အိန္ဒိယနိုင်ငံအတွင်း၏ ဝယ်လိုအား မြင့်နေမှုကြောင့် ပြည်တွင်းရှိ မတ်ပဲဈေးနှုန်းအပါအဝင် ပြည်ပပို့ကုန် ပဲဈေးနှုန်းများမှာ အမြင့်ဈေးကွက်တွင်သာ ဆက်ရှိနေပြီး ဧပြီ လ အစောပိုင်းထက် ပိုမိုမြင့်တက်လာကြောင်း ပြည်တွင်း ပဲဈေးကွက်အတွင်းမှ သိရသည်။

ပြည်တွင်း၌ မတ်လဆန်းပိုင်းအထိ တည်ငြိမ်နေသည့် မတ်ပဲအပါအဝင် ပြည်ပပို့ကုန် ပဲဈေးနှုန်းများ တည်ငြိမ်နေရာမှ မတ်လ ဒုတိယပတ်နှင့် တတိယပတ်မှစတင်ကာ ဈေးနှုန်းအမြင့်ဘက်သို့ မြင့်တက်လာခြင်း ဖြစ် ကြောင်း ပြည်တွင်းရှိ ပဲကုန်သည်အချို့ထံမှ သိသည်။

မတ်လဆန်းပိုင်းတွင် ပြည်တွင်း၌ မတ်ပဲ တစ်တန်ကို ၁၈၅၈၅၀၀ ကျပ်၊ ပဲစဉ်းငုံတစ်တန်ကို ၂၁၆၀၀၀၀ ကျပ်ဖြစ်ပြီး မတ်လ ဒုတိယပတ်မှ စတင်ကာ မတ်ပဲနှင့် ပဲစဉ်းငုံ ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာခြင်းဖြစ်သ ည်။

ယင်းသို့ မြင့်တက်ခဲ့ရာ သင်္ကြန်ကာလမတိုင်မီ ဧပြီလ ပထမပတ်အတွင်း မတ်ပဲ (FAQ/RC) တစ်တန်ကို ၂၀၅၅၀၀၀ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တန်ကို ၂၃၀၀၀၀၀ ကျပ်၊ ပဲစဉ်းငုံ(Red/RC) တစ်တန်ကို ၂၃၈၀၀၀၀ ကျပ် ဈေးပေါက်ခဲ့ပြီး လက်ရှိတွင် မတ်ပဲ (FAQ/RC) တစ်တန်ကို ၂၁၄၇၀၀၀၀ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တန်ကို ၂၃၈၆၀၀၀ ကျပ်၊ ပဲစဉ်းငုံ(Red/RC) တစ်တန်ကို ၂၄၃၅၀၀၀ ကျပ်အထိ ဖြစ်ပေါ်နေကြောင်း ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံသို့ မြန်မာပဲတင်သွင်းခွင့်ကို အခွန်ကင်းလွတ်ခွင့် ပေးထားပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် ဧပြီလ (၁) ရက်မှ (၁၄) ရက်အထိ (၁၄) ရက်တာ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပဲတန်ချိန် ၆၆၀၀၀ ကျော်နှင့် နယ်စပ်မှ တန်ချိန် ၁၁၀၀၀ ကျော် စုစုပေါင်း တန်ချိန် ၇၇၀၀၀ ကျော်တင်ပိုထားပြီး ကန်ဒေါ်လာ ၅၉ သန်းကျော်ရရှိထားကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပဲမျိုးစုံကို တန်ချိန်အများအပြား တင်သွင်းနေသည့် အိန္ဒိယသွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် မြန်မာ့ပဲများကို ဝယ်ယူကာ ဈေးကွက်အတွင်း ပြန်လည်ရောင်းချခြင်းမရှိဘဲ လက်ဝယ်သိုလှောင်ထားမှုကြောင့် ဈေး နှုန်းကြီးမြင့်လာပြီး နိုင်ငံအတွင်း ပဲလိုအပ်ချက် ပိုများနေကြောင်းလည်း အိန္ဒိယ စီးပွားရေးသတင်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး၊ အဆိုပ် ပဲမျိုးစုံ စိုက်ပျိုးဧက၏ ၇၂ ရာခိုင်နှုန်းခန့်သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများကိုလည်း စိုက်ပျိုးကြကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here