ပြည်ကြီးတံခွန်မြို့နယ်ရှိ “ထက်ဝေယံ”ရွှေဆိုင်ဓားပြတိုက်ခံရ ၊ ရွှေထည်ပစ္စည်းကျပ်သိန်း (၂၅၀၀) ကျော်ဖိုးခန့်ယူဆောင်သွား

0
190

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ် ကွက်၊စက်မှု(၁)စျေးရှေ့ (၆၂) လမ်း၊ (၁၃၃) လမ်းနှင့် (၁၃၄) လမ်းကြားရှိ “ထက်ဝေယံ”ရွှေဆိုင်တွင် ယနေ့ ဧပြီ (၂၈) ရက် မွန်းတည့် ၁၂ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမည်မသိအမျိုးသား (၂) ဦးမှာ “ထက်‌ဝေယံ”ရွှေဆိုင်အတွင်းသို့ ဝင်ရောက်လာကာ အသင့်ပါလာသည့် သေနတ်ဖြင့် နံရံအား ပစ်ဖောက်ချိန်းခြောက်ကာ ဆိုင်မှန်ကောင်တာများအား ရိုက်ခွဲ၍ ရွှေထည်ပစ္စည်းများအား ဆာလာအိတ်အတွင်းထည့်ကာ ယူဆောင်ပြီးထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခင်းဖြစ်တာကို သိသိချင်းပဲ လုံခြုံရေးအဖွဲ့တွေက စစ်ဆေးခဲ့ကြပါတယ်။ CCTV မှတ်တမ်းတွေကိုလည်း စစ်ဆေးနေပါတယ်။ သူတို့ ထွက်ပြေးသွားတဲ့ လမ်းတစ်လျှောက်ကိုလည်း ချိတ်ဆက်ပူးပေါင်းပြီး ဖမ်းဆီးရမိဖို့အတွက် စုံစမ်းနေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဓားပြတိုက်သူ (၂) ဦးသည် ငွေကျပ်သိန်း ၂၅၀ ၀ ကျော်တန်ဖိုးရှိ ဗန်း (၆) ဗန်း၊ ရွှေဆွဲကြိုးဆိုဒ်စုံ (၁၈) ကုံး၊ ရွှေနားကပ် (၃၈၀) ရံ၊ ရွှေနားဆွဲ (၉၀) ခုခန့်တို့အား ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ (၁၉) ရက်ကလည်း စက်မှု (၁) ဈေးအတွင်းရှိ “ထိပ်တန်း” ရွှေဆိုင် ဓားပြတိုက်ခံခဲ့ရပြီး ငွေကျပ် သိန်း (၂၇၀၀) ကျော်တန်ဖိုးရှိသည့် ရွှေထည်ပစ္စည်းများလုယက်ယူဆောင်ခံခဲ့ရမှုဖြစ်ပွားခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here