စပါးခွံများတင်လာသည့် ကုန်တင်ကားနှင့် ခရီးသည်တင်ကား မျက်နှာချင်းဆိုင်တိုက်၊ (၂)ဦးသေဆုံးကာ (၅)ဦးဒဏ်ရာရ

0
169

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာတောင်ဘက်အထွက်ကွေ့၊ရွှေဘို-မန္တလေးသွား ကားလမ်းမကြီးပေါ်တွင် ဧပြီ (၂၈) ရက်ညနေ (၅) နာရီ (၄၅) မိနစ်ဝန်းကျင်က ကုန်တင်ကားနှင့် ခရီးသည်တင်ကား မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားပြီး (၂) ဦးသေဆုံးကာ (၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ရွှေဘိုခရိုင်)မှ သိရသည်။

ရွှေဘို – မန္တလေးသွား ကားလမ်းအတိုင်း သရက်သီးများတင်ဆောင်ကာ ခရီးသည် (၇) ဦးလိုက်ပါပြီး ဖားကန့်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ကားနှင့် စပါးခွံများတင်လာသည့် ကုန်တင်ကားတို့ လှတောကျေးရွာတောင်ဘက် အထွက်ကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လှတောရဲစခန်းက တပ်ဖွဲ့ဝင်တွေနဲ့ လှတောစေတနာရှင်ပရဟိတအသင်းက အခင်းဖြစ်နေရာကို ချက်ခြင်းသွားပြီးကူညီပေးခဲ့ကြတယ်။ ခရီးသည်တင်ကားမောင်းတဲ့ လူနဲ့ စပယ်ယာက ထိခိုက်ဒဏ်ရာမရခဲ့ဘူး”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ရွှေဘိုခရိုင်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဥ်ကြောင့် ခရီးသည်တင်ကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသား (၂) ဦးမှာ ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုးသား (၃) ဦးနှင့်အမျိုးသမီး (၂) ဦးတို့တွင် ထိခိုက်ဒဏ်ရာများ (စိုးရိမ်ရနှင့်မစိုးရိမ်ရ) များရရှိခဲ့ကြောင်း သိရသည်။

“ခရီးသည်တင်ကားက ပခုက္ကူမြို့နယ်၊ ချောင်းပြားကျေးရွာကလို့ သိရပါတယ်။ ဒဏ်ရာရတဲ့လူတွေကို ရွှေဘိုပြည်သူ့ဆေးရုံကို ပို့ပေးခဲ့ပြီး သေဆုံးသူ (၂) ယောက်ကိုလည်း ရွှေဘိုပြည်သူ့ဆေးရုံက ရင်ခွဲရုံကို ပို့ပေးခဲ့ပါတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ရွှေဘိုခရိုင်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here