ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) တည်ဆောက်မှု (၇၆) ရာခိုင်နှုန်းပြီးစီး

0
316

ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်တိုင်း သာကေတမြို့နယ်နှင့် သန်လျင်မြို့တို့ကို ဆက်သွယ်ထားသည့် ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ် (၃)၏ တည်ဆောက်ရေးလုပ်ငန်း (၇၅) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ သန်လျင်တံတား အမှတ်(၃) တည်ဆောက်နေမှု လုပ်ငန်းခွင်သို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ဧပြီလ (၂၈) ရက်က လာရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ကြည့်ရှုစစ်ဆေးရာတွင် ဆောက်လုပ်ရေး ဝန်ကြီးသည် Cable Stay Main Tower အမှတ် (၁) ဖြစ်သည့် ရေလယ်တိုင် P11 ပေါ်သို့ တက်ရောက်စစ်ဆေးပြီး Main Tower အမှတ်(၂) P12 တွင် Pier Head များ ဆောင်ရွက်ပြီးစီးမှု၊ P16,P17,P18,P19 နှင့် P20 တို့တွင် လွန်းထိုးခြင်း(Launching) နည်းပညာကို အသုံးပြု၍ P.C Box Girder များ တပ်ဆင်နေမှု တို့ကို စစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များ၊ ရေလမ်းကြောင်း အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးများနှင့်မှာ ကြားခဲ့ကြောင်း သိရသည်။

ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ်(၃) တည်ဆောက်ရေး လုပ်ငန်းများကို ပြီးခဲ့သည့် (၂၀၁၉) ခုနှစ် မေလမှ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ (၂၀၂၄) ခုနှစ်တွင် လုပ်ငန်းများပြီးစီးရန်လျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ တံတားတည်ဆောက် ပြီးစီးပါက ရန်ကုန်မှ သန်လျင်သို့ အချိန်တိုအတွင်း အလွယ်တကူ ဆက်သွယ်သွားလာနိုင်ပြီး ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းသက်သာလာမည်ဖြစ်ကြောင်းလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ တံတားသည် အရှည် ၃၅၀၀ မီတာရှိပြီး အပိုင်းသုံးပိုင်းခွဲ၍ တည်ဆောက်နေတာ တံတားအမျိုးအစားမှာ သံကူ ကွန်ကရစ် သံမဏိကြိုးဆိုင်းတံတား အမျိုးအစားဖြစ်ကြောင်း သိရသည်။

တံတား အပိုင်း (၁) လုပ်ငန်းတွင် တံတားအရှည် ၁၃၁၂ မီ တာ၊အပိုင်း (၂)လုပ်ငန်းတွင် တံတားအရှည် ၁၃၆၃ မီတာ၊ အပိုင်း (၃) လုပ်ငန်းတွင် တံတားအရှည် ၈၂၅ မီတာပါဝင်ပြီး ပင်မတံတား အကျယ် ၂၂ ဒသမ ၉ မီတာ၊ ရေ လမ်းကင်းလွတ်အမြင့် ၁၃ မီတာရှိကာ တံတားခံနိုင်ဝန် (ခွင့်ပြုအလေးချိန်) မှာ ယာဉ်တစ်စီးချင်း ၇၅ တန် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here