၂၀၂၇ ခုနှစ် အမျိုးသား ကမ္ဘာ့ဖလား ဘတ်စကက်ဘောပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကာတာ လက်ခံကျင်းပမည်

0
168

ကာတာနိုင်ငံသည် ၂၀၂၇ ခုနှစ်တွင် ပြုလုပ်မည့် အမျိုးသား ကမ္ဘာ့ဖလား ဘတ်စကက်ဘောပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်ကြောင်း ဘတ်စကက်ဘော အဖွဲ့ချုပ် ဖီဘာ (FIBA) က ဧပြီလ ၂၈ ရက် သောကြာနေ့တွင် ကြေညာခဲ့သည်။

ကာတာသည် ပြီးခဲ့သည့်နှစ်တွင် ဘောလုံးလောက၌ အကြီးကျယ်ဆုံး ပြိုင်ပွဲဖြစ်သည့် ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီးနောက် နောက်ထပ် အားကစားပြိုင်ပွဲကြီးတစ်ခုကို ကျင်းပခွင့်ရလာခြင်းဖြစ်သည်။

အသင်းပေါင်း ၃၂ သင်း ပါဝင်ယှဉ်ပြိုင်မည့် အဆိုပါ ပြိုင်ပွဲကို ကာတာမြို့တော် ဒိုဟာတွင် ကျင်းပသွားမည် ဖြစ်သည်။ ကမ္ဘာ့အဆင့် ၈၉ နေရာတွင် ရပ်တည်နေသည့် ကာတာ အသင်းကမူ အိမ်ရှင်ဖြစ်သည့်အတွက် ထိုပြိုင်ပွဲ၌ အလိုအလျောက် ပါဝင်ခွင့်ရမည်ဟု သိရသည်။

ထို့ပြင် ဘတ်စကက်ဘော ကစားရန်အတွက် အသုံးပြုမည့် ကွင်းများ၊ အဆောက်အုံများကိုပါ ဆောက်လုပ်ထားပြီး ဖြစ်သည်။

ယခုနှစ်အတွက် ကမ္ဘာ့ဖလား ဘတ်စကတ်ဘောပြိုင်ပွဲကိုမူ ဖိလစ်ပိုင်၊ ဂျပန်နှင့် အင်ဒိုနီးရှားတို့က ပူးတွဲအိမ်ရှင်အဖြစ် သြဂုတ် ၂၅ ရက်နေ့မှ စက်တင်ဘာ ၁၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

Source: စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here