မိုးသည်းထန်စွာရွာသွန်းနေချိန်၌ ကုန်တင်ကားစလစ်ဖြစ်ပြီး လမ်းဘေးထိုးကျ၍ ၁၀ ဦးဒဏ်ရာရ

0
297

ရှမ်းပြည်နယ်၊သီပေါမြို့နယ်ရှိ ကုံးမုံကျေးရွာနှင့်နမ့်အွန်ကျေးရွာသွားကားလမ်း၏ ကုန်းဆင်းတွင် ဧပြီ ၃၀ ရက်(ယနေ့)မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နယ်စည်းမခြားပရဟိတ(သီပေါ)မှ သိရသည်။

ယနေ့မွန်းတည့်ပိုင်းမှစတင်ကာ သီပေါမြို့နယ်အတွင်း၌ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ မွန်းလွဲ ၂ နာရီခန့်တွင် ကုံးမုံကျေးရွာနှင့်နမ့်အွန်ကျေးရွာသွားကားလမ်းအတိုင်းမောင်းနှင်လာသည့် ကုန်တင်ကားမှာကုန်းဆင်းတွင် စလစ်ဖြစ်သွားပြီးလမ်းဘေးသို့ထိုးကျကာ တောင်ကမ်းပါးရံအားဝင်တိုက်မိခဲ့သည်။

ဖြစ်စဥ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၈ ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် နယ်စည်းမခြားပရဟိတ(သီပေါ)နှင့်သီပေါလူငယ်အသင်းတို့မှကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

“ဒဏ်ရာရ ၁၀ ယောက်ထဲမှာ အမျိုးသား ၁ ယောက်နဲ့အမျိုးသမီး ၁ ယောက် ပြင်းထန်ဒဏ်ရာရသွားပါတယ် အခုဖြစ်တဲ့ကုန်းဆင်းက အဆင်းရှည်တယ် မိုးရွာတာရယ် အဆင်းရှည်တာရယ်မှာ စလစ်ဖြစ်သွားတာပေါ့ ကားပေါ်ပါလာတဲ့လူတွေက နမ္မအတွင်းဖက်က ရွာတစ်ရွာကပါ”ဟု နယ်စည်းမခြားပရဟိတ(သီပေါ)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးအား နယ်စည်းမခြားပရဟိတ(သီပေါ)နှင့်သီပေါလူငယ်အသင်းတို့မှ သီပေါပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here