ဆူဒန်နိုင်ငံတွင် စစ်ဘေးကြောင့် ပိတ်မိနေသည့် မြန်မာနိုင်ငံသူအား ကူညီကယ်တင်နိုင်ခဲ့

0
262

ဆူဒန်နိုင်ငံတွင် စစ်ဘေးကြောင့် ပိတ်မိနေသည့် ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသူ မလယ်မယ်မီး(Lae Mae Mee)အား ကူညီကယ်တင်နိုင်ခဲ့သည်ဟု မြန်မာသံရုံး၊ ရီရတ်ဒ်မြို့မှ သိရသည်။

မြန်မာနိုင်ငံသူ မလယ်မယ်မီး(Lae Mae Mee) သည် ၎င်း၏ အိမ်ရှင်နှင့်အတူ အားလပ်ရက်ခရီးအဖြစ် ဆူဒန်နိုင်ငံ၊ခါတွန်မြို့သို့ ရောက်ရှိချိန်၌ စစ်ဘေးနှင့်ကြုံတွေ့ကာ Port Sudan မြို့တွင် ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ပိတ်မိနေကြောင်း ဧပြီ (၂၆) ရက်ညပိုင်းတွင် မြန်မာသံရုံး၊ ရီရတ်ဒ်မြို့မှ သတင်းရရှိခဲ့၍ ကူညီကယ်ဆယ်နိုင်ရန် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆူဒန်နိုင်ငံစစ်ဘေးအတွင်း ပိတ်မိနေသူများအား ကယ်ဆယ်ရေးအတွက် ဆော်ဒီနိုင်ငံမှ ဖွဲ့ စည်းထားသည့် Emergency Crisis Management Team တို့နှင့် ဆက်သွယ်ကာ ဆော်ဒီနိုင်ငံမှ စီစဉ်ဆောင်ရွက်နေသည့် ကယ်ဆယ်ရေး သင်္ဘောတွင် လိုက်ပါခွင့်ရရှိရန် ညှိနှိုင်း‌ပေးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ညှိနှိုင်းပေးနိုင်ခဲ့မှုကြောင့် မလယ်မယ်မီးသည် ဆူဒန်နိုင်ငံ Port Sudan မြို့မှ ဂျက်ဒါမြို့သို့ ဧပြီ (၂၉) ရက် ညပိုင်းတွင် ရောက်ရှိခဲ့ပြီးနောက် ၎င်းအလုပ်လုပ်ကိုင်သည့် ဒူဘိုင်းမြို့သို့ ဆက်လက်ထွက်ခွာနိုင်ရန် မြန်မာသံရုံး၊ ရီရတ်ဒ်မြို့မှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here