လျှပ်စစ်မီး (၂) နာရီလာ (၄) နာရီပျက် စနစ်နှင့် ပတ်သ က်၍ တစ်စုံတစ်ရာ ညွှန်ကြားချက်မရဟုဆို

0
301

ရန်ကုန်တိုင်းအတွင်း မေလ (၁) ရက်မှစတင်ပြီး လျှပ်စစ်မီးကို (၂) နာရီပေး၊ (၄) နာရီ ပိတ်စနစ်ဖြင့် မီးပေးသွားမည်ဆိုသည့် သတင်းနှင့် ပတ်သက်၍ ညွှန်ကြားချက်တစ်စုံတစ်ရာ မရကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) မှ တာဝန်ရှိသူက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

မေလ (၁) ရက်မှ စတင်ပြီး နေ့စဉ် အုပ်စု (၃) စု ခွဲ၍ (၂) နာရီပေး (၄)နာရီ ပိတ် စနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးသွားမည်ဟု သတင်းများထွက်ပေါ်နေသည့်အပေါ် ဆက်သွယ်မေးမြန်းရာတွင် ၎င်းကအထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့ဆီကို တစ်စုံတစ်ရာ ညွှန်ကြားချက်မရှိသေးပါဘူး။ အပြင်မှာ ဘယ်လိုသဘောနဲ့ သတင်းတွေထွက်နေလဲတော့ မသိဘူး” ဟု အဆိုပါ တာဝန်ရှိသူက ဆို သည်။

ယခင်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အား (၃၀၀၀) မဂ္ဂါဝပ် ခန့် ဖြန့်ဖြူးပေးနေရာမှ လက်ရှိတွင် ရာသီဥတုပူပြင်းလာသည့်အတွက် ရေအားလျှပ်စစ်မှ ရေများခန်းခြောက်ခြင်းနှင့် သဘာဝဓာတ်ငွေ့ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအချို့ပြုပြင်နေမှုများရှိနေသည့်အတွက် ယခင်ထက် ထက်ဝက်လောက်သာ လျှပ်စစ် ဓာတ်အားကို ဖြန့်ဖြူးပေးနိုင်ပြီး တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် လျှပ်စစ်ဓာတ်အား ၁၅၀၀ မဂ္ဂါဝပ် ခန့်သာဖြန့်ဖြူးပေးနိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးကို အလှည့်ကျမီးပေးစနစ်ဖြင့် လျှပ်စစ်မီးဖြန့်ဝေနေပြီး ရန်ကုန်မြို့တွင် အုပ်စု A နှင့် B ကို နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ အလှည့်ကျ ဝန်အားလျှော့၍ လျှပ်စစ်မီးပေးနေပြီး ညနေ (၅) နာရီမှ နောက်တစ်နေ့ နံနက် (၉)နာရီအထိ ဓာတ်အားအပြည့်ပေးထားကြောင်း၊ စက်မှုဇုန်များကိုမူ နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိသာ လျှပ်စစ်မီးပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here