စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ (၄၅၇၀) ကျပ်သတ်မှတ် ၊ ဈေးကွက်အတွင်း ဈေးအမြင့်၌ပင် ဆက်ရှိနေ

0
257

ယခုတစ်ပါတ်အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ (၄၅၇၀) ကျပ် သတ်မှတ်ထားပြီး ပြီးခဲ့သည့်တစ်ပါတ်ထက် (၁၀၀) ကျော်ကျဆင်းခဲ့ကြောင်း သိရသည်။

အဆိုပါ သတ်မှတ်ရည်ညွှန်းဈေးသည် မေလ (၂) ရက်မှ (၇) ရက်အထိ သတ်မှတ်ထားခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

အသင်း၏ သတ်မှတ်ရည်ညွှန်းဈေးနှုန်းမှာ ကျဆင်းလာသော်လည်း ပြင်ပဈေးကွက်တွင် စားအုန်းဆီတစ်ပိဿာ ၇၅၀၀ မှ ၈၀၀၀ အထိ မြင့်တက်နေဆဲဖြစ်ကြောင်း ဝယ်ယူသုံးစွဲသူများထံမှ သိရသည်။

ယင်းအပြင် ရောင်းချသူများအနေဖြင့် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု အသိပေးထားသော်လည်း ဈေးကွက်ထဲတွင် ဆက်လက်ဈေးမြင့်တက်နေသည့်အပေါ် ပြည်သူများက ဝေဖန်မှုများလည်း ရှိနေသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေး ကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here