ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေရေနက်ဆိပ်ကမ်းသစ် တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

0
286

အိန္ဒိယနိုင်ငံနှင့် တိုက်ရိုက်ရေကြောင်းကုန်သွယ်မှုစတင်မည့် ရခိုင်ပြည်နယ်ရှိ စစ်တွေရေနက်ဆိပ်ကမ်းသစ် တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စောက နိုင်ငံပိုင်သတင်းစာကို ဖြေကြားထားသည်။

အဆိုပါ စစ်တွေရေနက်ဆိပ်ကမ်းသစ်ကို ၂၀၁၇ ခုနှစ်မှစတင်အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နိုင်ငံတကာသင်္ဘောများ ဆိုက်ကပ်နိုင်ပြီဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ အဆင့်မြှင့်တင်ထားသည့် စစ်တွေဆိပ်ကမ်းသစ်သည် အိန္ဒိယနိုင်ငံ ကာလကတ္တား ဆိပ်ကမ်းနှင့် တိုက်ရိုက်ကုန်သွယ်နိုင်မည့် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း ဆိပ်ကမ်းနှင့်လည်း တိုက်ရိုက်ကုန်သွယ်မှု ပြုလုပ်နိုင်မည့် ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း သိရသည်။

“ စစ်တွေရေနက် ဆိပ်ကမ်းကတော့ ပြီးခဲ့တဲ့ မတ်လနောက်ဆုံးပတ်ကတည်းက ရာနှုန်းပြည့် ပြီးစီးနေတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ကာလာကတ္တားမြို့ Syam a Prasad Mooker ဆိပ်ကမ်းကနေ စစ်တွေရေနက်ဆိပ်ကမ်းသစ်ကို ဘိလပ်မြေတင်လာတဲ့ သင်္ဘောတွေကတော့ မေ (၄) ရက်မှာ ဝင်လာဖို့ရှိပါတယ်။ ဒီသင်္ဘောတွေ ဝင်ရောက်ဆိုက်ကပ်ပြီး ကုန်တင်ကုန်ချ စတင်လုပ်ကိုင်ရင်းနဲ့ပဲ ရေနက်ဆိပ်ကမ်းသစ်ကို ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ပြောကြားထားသည်။

ယခုနှစ် ဇန်နဝါရီ (၁၃) ရက်တွင် စစ်တွေရေနက်ဆိပ်ကမ်းမှ တစ်ဆင့် ဆန်တန်ချိန် ၂၆၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစမ်းသဘောမျိုး ပို့ဆောင်ပေးနိုင်ခဲ့ပြီး ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် စစ်တွေရေနက်ဆိပ်ကမ်းသစ်ကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၁၂၀ အကုန်အကျခံတည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here