ဘဏ်များက မြန်မာကျပ်ငွေဖြင့် ထားရှိရမည့်အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်အချိုး တိုးမြှင့်ပြင်ဆင်သတ်မှတ်

0
293

ငွေကြေးဖောင်းပွမှု အထိုက်အလိုက်လျောက် လျော့ကျလာခြင်းနှင့် လက်ရှိနိုင်ငံ့စီးပွားရေး အခြေအနေအရ ဘဏ်များ၏ မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်အချိုးအား တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ဗဟိုဘဏ်က မေ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

ဘဏ်များ၏ ငွေရေးကြေးရေးအခြေအနေများမှာ ၂၀၂၃ ခုနှစ်၊ မတ်လကုန်ရှိ နှစ်အလိုက် အပ်ငွေတိုးနှုန်းမှာ ၄ ဒဿမ ၈ ရာခိုင်နှုန်းနှင့် ချေးငွေတိုးနှုန်းမှာ ၆ ဒဿမ ၅ ရာခိုင်နှုန်းရှိပြီး၊ ဗဟိုဘဏ်ရှိဘဏ်များ၏ စာရင်းရှင်အပ်ငွေသည် ၂၀၂၃ ခုနှစ်၊ မတ်လကုန်တွင် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃၅ ရာခိုင်နှုန်းနှင့် ဘဏ်များ၏ လက်ဝယ်ရှိ ငွေသားလက်ကျန်ပမာဏသည် ၃၆ ရာခိုင်နှုန်းတိုးတက်လာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ချေးငွေနှင့် GDP အချိုးမှာ ၂၈ ရာခိုင်နှုန်းရှိပြီး၊ ဘဏ်အချင်းချင်းဈေးကွက်တွင် ဘဏ်များ၏ ဆောင်ရွက်မှု (ချေးယူ/ထုတ်ချေးမှု) ပမာဏမှာ ကျပ် ၁,၁၆၆ ဘီလျံရှိရာ ယခင်နှစ်နှင့် နှိင်းယှဉ်ပါက ၉၈ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ကြောင်း၊ယင်းအပြင် နိုင်ငံခြားဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် ကျပ်ငွေလွယ်ကူမှုပိုမိုမြင့်မားလာခြင်း၊ ကုန်သွယ်မှုအတွက် ဘဏ်များမှ ငွေကြေးဖြည့်ဆည်းမှုများ အားကောင်းလာခြင်း၊ ဗဟိုဘဏ်မှ ကာလတိုချေးငွေ ဝန်ဆောင်မှု ရယူမှုလက်ကျန်ပမာဏမှာ သိသာစွာကျဆင်းလာခဲ့ပြီး၊ ဘဏ်လုပ်ငန်းကဏ္ဍတစ်ခုလုံး၏ ငွေကြေးလွယ်ကူမှုအချိုးမှာ ၃၀ ဒဿမ ၄၇ ရာခိုင်နှုန်းရှိခြင်း၊ ဘဏ်များ၏ အရင်းနှင့်အတိုးပေးဆပ်ရန်ပျက်ကွက်သည့် ချေးငွေ (Non Performing Loan- NPL) အခြေအနေအား ယခင်ဘဏ္ဍာရေးနှစ်ကုန်အခြေအနေနှင့် နှိင်းယှဉ်ပါက ၁၀ ဒဿမ ၉၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။

ဘဏ်လုပ်ငန်းကဏ္ဍ၏ ငွေကြေးအခြေအနေမှာ သင့်တင့်လုံလောက်စွာလည်ပတ်စီးဆင်းလျက်ရှိသဖြင့် ဘဏ်လုပ်ငန်းကဏ္ဍမှာတည်ငြိမ်မှုရှိလာပြီး၊ ငွေကြေးပမာဏမှာ ရည်မှန်းချက်နီးပါးရောက်ရှိနေသည်ကို သုံးသပ်တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုနှုန်းကို အထိုက်အလျောက် လျော့ကျနိုင်ရန်နှင့် လက်ရှိနိုင်ငံ၏ စီးပွားရေးအခြေအနေများအရ ငွေကြေးမူဝါဒနည်းလမ်းများအနက် မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံး သီးသန့်ငွေလိုအပ်ချက်အချိုးအား လက်ရှိ ၃ ရာခိုင်နှုန်းမှ ၃ ဒဿမ ၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ခြင်းကို အနည်းဆုံး သီးသန့်ငွေလိုအပ်ချက် ထိန်းသိန်းမှုကာလ ၂၀၂၃ ခုနှစ် ဧပြီ ၂၆ ရက်မှ မေ ၂၃ ရက်မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေအချိုးတိုးမြှင့်သည်နှင့်အတူ ဘဏ်များက ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေထက်ပိုသော အတိုးပေးရမည့် ပျမ်းမျှပိုလျှံသီးသန့်ငွေပမာဏ သတ်မှတ်ချက်ဘောင်အား လက်ရှိကျပ် (၁၀-၁၅)ဘီလျံမှ ကျပ် (၇-၅၀) ဘီလျံသို့ ပြင်ဆင်သတ်မှတ်ခြင်းနှင့် အတိုးနှုန်းအား ၃ ဒသမ ၅ ရာခိုင်နှုန်းမှ ၃ ဒသမ ၆ ရာခိုင်နှုန်းသို့ တိုးမြှင့်ခြင်းကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်း၊ ငွေကြေးဖောင်းပွမှုနှုန်၊ ငွေကြေးပမာဏအခြေအနေ၊ ဘဏ်များ၏ ငွေကြေးလွယ်ကူမှုအခြေအနေနှင့် ဘဏ်လုပ်ငန်းကဏ္ဍအတွင်း ဖြစ်ပေါ်တိုးတက်လျက်ရှိသည့် အခြေအနေများကို အနီးကပ်စောင့်ကြည့်လျက် မြန်မာကျပ်ငွေတန်ဖိုး တည်ငြိမ်ရေးနှင့် ငွေလဲလှယ်နှုန်းတည်ငြိမ်ရေးတိုအတွက် သင့်လျော်သည့် ငွေကြေးမူဝါဒနည်းလမ်းများကို ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here