ဩစတြေးလျ၌ အပျော်တမ်းစီးကရက်အတုသောက်မှုအားပိတ်ပင်

0
199

ဆစ်ဒ်နီ၊မေ ၂

ဩစတြေးလျ၌ ဆယ်ကျော်သက်အရွယ်များ စီးကရက်တုသောက်သုံးမှုများလာခြင်းအား လျှော့ချရန်ရည်ရွယ်လျက် စီးကရက်တုသောက်ခြင်းကို တားမြစ်ကာ အီး – စီးကရက်နှင့်ပတ်သက်သည့် ဥပဒေများကိုလည်းတင်းကြပ်ခဲ့ကြောင်းသိရသည်။

အစိုးရသည် ဆေးလိပ်ဖြတ်လိုသူများအား ကူညီသည့်အ‌နေဖြင့် အသီးအနံ့ပါရှိသည့်စီးကရက်တုများအပါအဝင် ဆရာဝန်ညွှန်ကြားချက်မပါသည့်စီးကရက်တုများအား နီကိုတင်းပါဝင်မှုနှုန်းသတ်မှတ်ကန့်သတ်ခဲ့သည်။

စည်းမျဉ်းသစ်အရ စီးကရက်တုများကို ဆေးဆိုင်များတွင်သာ ရောင်းချရမည်ဖြစ်ပြီး ဆေးဝါးအမျိုးအစားကဲ့သို့ ထုပ်ပိုးမှုပြုလုပ်ရန်လည်းလိုအပ်မည်ဖြစ်သည်။

ဩစတြေးလျ၌ စီးကရက်တုသည် ဆယ်ကျော်သက်များအကြား အပမ်းဖြေစရာပစ္စည်းတစ်ခုပမာ ရေပန်းစားလာခဲ့သည်ဟုတာဝန်ရှိသူများကပြောကြားခဲ့သည်။

စီးကရက်တုသောက်သုံးမှုကို တားမြစ်ခြင်းအား ဆရာဝန်များက ထောက်ခံအားပေးခဲ့သကဲ့သို့ စီးကရက်တုစတင်သောက်သုံးသူလူငယ်အရေအတွက်အား ကန့်သတ်ရန်လည်း အစိုးရကိုတိုက်တွန်းခဲ့ကြောင်းသိရသည်။

အချို့သောနိုင်ငံများသည် စီးကရက်တုသောက်ခြင်းကို တားမြစ်ရန်ကြိုးစားကြပြီး အချို့ကမူ ၎င်းသည် ဆေးလိပ်သောက်သည့်အလေ့အထကို ဖြတ်ပစ်နိုင်သည့် နည်းလမ်းကောင်းတစ်ခုအဖြစ်မြင်ကြသည်။

မည်သို့ပင်ဖြစ်စေ ဩစတြေးလျသည် ကမ္ဘာပေါ်၌ ဆေးလိပ်သောက်မှုတိုက်ဖျက်ရေးဥပဒေ အပြင်းထန်ဆုံးနိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here