ပြည်ပသို့ သွားရောက်မည့် အလုပ်သမားများ ဆေးစစ်မှုလွယ်ကူစေရန် ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု အဖွဲ့ချုပ်နှင့် ပုဂ္ဂလိကဆေးရုံဆေးခန်းရှစ်ခု MOU ရေးထိုး

0
414

မလေးရှားနှင့် ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်ကြသူများ ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF) နှင့် မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ အသိအမှတ်ပြု ဆေးရုံဆေးခန်း (၈)ခုနှင့် MoU လက်မှတ်ရေးထိုးထားကြောင်း MOEAF ကအသိပေး ထုတ်ပြန်ထားသည်။

ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)နှင့် ပုဂ္ဂလိက ဆေးရုံဆေးခန်းများအနေဖြင့် ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ အသိအမှတ်ပြု ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“မလေးနဲ့ ထိုင်းကိုအလုပ်သွားလုပ်မယ့် ကလေးတွေကို ပွဲစားတွေက ရန်ကုန်ခေါ်လာပြီး ဆေးစစ်တယ်။ ကြုံရာအေဂျင်စီတွေရဲ့ နာမည်တွေကို အလွဲသုံးစားလုပ်ပြီး တွေ့ရာဆေးခန်းမှာ ဆေးစစ်တယ်။ ပြီးရင် နိုင်ငံခြားသွားမယ့် process တစ်ခုအောင်မြင်သွားသလိုနဲ့ ကလေးတွေဆီက (၃) သိန်းကနေ (၅)သိန်းထိတောင်းတယ်။ ဆေးလက်မှတ်တွေကို သိမ်းထားတယ်။ တကယ်အလုပ်အပ်တဲ့ အေဂျင်စီနဲ့ ဆေးစစ်ထားတဲ့ အေဂျင်စီ မတူရင် မလေးရှား FWC MS က ခွင့်မပြုတော့ဘူး။ ဒီတော့ ကလေးတွေခင်ဗျာ ဆေး (၂) ခါစစ်၊ (၂) ခါပြောင်းစစ်ရတော့ ငွေပိုကုန်တယ်။ passport လုပ်တာတို့ ဆေးစစ်တာတို့ဆိုတာ ပြည်ပထွက်မယ့် လုပ်သားတွေအတွက် စလုံးရေ စ အဆင့်မှာပဲရှိသေးတယ်။ ခုလို (၂)ဖက်နိုင်ငံ အသိအမှတ်ပြုထားတဲ့ ဆေးခန်းတွေနဲ့ စာချုပ်ချုပ်လိုက်တော့ ကလေးတွေဟာ တကယ်ပို့ပေးမယ့် အေဂျင်စီကို ရောက်ပြီးမှ အေဂျင်စီက တဆင့်ပဲ ဆေးခန်းတွေဆီကို တိုက်ရိုက် လုပ်သားတွေ လိုအပ်တဲ့ ကျမ်းမာရေးဆေးစစ်ဖို့ လုပ်လိုရတော့မယ်။ နှစ်ဘက်ဒေတာ ဆက်သွယ်မှုတွေကို အေဂျင်စီနဲ့ဆေးခန်း၊ MOEAF တိုက်ရိုက်ချိတ်ဆက်ထားရင် ကြားပွဲစားတွေ လိမ်လည်မှု လျော့ကျသွားလိမ့်မယ်။ ကလေးတွေကို ကာကွယ်နိုင်မယ်”ဟု MOEAF အမှုဆောင်တစ်ဦးက သုံးသပ်ပြောကြားသည်။

အဆိုပါ နှစ်နိုင်ငံသို့ တရားဝင်သွားရောက်မည့် လုပ်သားများအနေဖြင့် ကြားပွဲစားများ အမြတ်ထုတ်ခြင်း ၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး လိုင်စင်ရ အေဂျင်စီများ၏ အမည်ကို သုံးကာအလွဲသုံးစားပြု လိမ်လည်ခြင်း ၊ လူကုန်ကူးခြင်းများကို အတိုင်းအတာတစ်ခုအထိ တားဆီးကာကွယ်နိုင်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ MoU ထိုးထားသည့် မလေးရှားနှင့် ထိုင်းအသိအမှတ်ပြု မြန်မာနိုင်ငံတွင်းက ဆေးရုံဆေးခန်းရှစ်ခုမှာ ဧရာ Medical Centre၊ Elotus Medical Laboratory& Diagnastics ၊ ထက်မာန်ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်း ၊ ကုန်းဘောင် Health Centre ၊ လမင်း Medical Clinics ၊ မိုးသီးအထွေထွေရောဂါကုဆေးခန်းနှင့်ဆေးရုံ ၊ Sabaidee Special Clinic နှင့် ရွှေဘုံစံ Medical Centre တို့ ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here