ဩစတြေးလျတွင် ပျောက်ဆုံးနေသည့်တံငါသည်အား မိကျောင်းဗိုက်ထဲ ပြန်တွေ့

0
274

ဩစတြေးလျနိုင်ငံ၌ သူငယ်ချင်းများနှင့်ငါးမျှားနေစဉ်သေဆုံးသွားသည့် အမျိုးသား၏ရုပ်အလောင်းအား မိကျောင်းဗိုက်အတွင်းမှတွေ့ရှိခဲ့ရကြောင်းဖော်ပြထားသည်။

မစ္စတာကယ်ဗင်ဒါမဒီအား ကွင်းစလန်းမြောက်ပိုင်းရှိ ရေငန်မိကျောင်းများ ကျက်စားရာနေရာအဖြစ်နာမည်ကြီးသည့် နေရာ၌ နောက်ဆုံးတွေ့မြင်ခဲ့ရခြင်းဖြစ်သည် ဟုဖော်ပြထားသည်။

၎င်းပျောက်ဆုံးသွားသဖြင့် အသေးစိတ်ရှာဖွေမှုများပြုလုပ်ခဲ့သော်လည်း ရှာမတွေ့သဖြင့် ရဲတပ်ဖွဲ့များက မသင်္ကာသည့်မိကျောင်းကြီးနှစ်ကောင်အား သတ်ပစ်ပြီးရှာဖွေရာမှ အဆိုပါအမျိုးသား၏ရုပ်အလောင်းအား ရှာဖွေ့တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

သေဆုံးသူအမျိုးသားသည် အသက် ၆၅ နှစ်အရွယ်ရှိပြီး ထင်ရှားသည့်တံငါသည်တစ်ဦးလည်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

မစ္စတာဒါမဒီအား မိကျောင်းတိုက်ခိုက်သည်ကို အတူပါသွားသူများ မျက်မြင်မတွေ့ခဲ့ကြသော်လည်း အကူအညီတောင်းသံနှင့် ရေထဲရုန်းရင်းဆန်ခတ်ဖြစ်သံများ ကြားခဲ့ရကြောင်းပြောကြားခဲ့သည်။

ယင်းသို့အသံကြားရသဖြင့် အကူညီပေးရန်သွားခဲ့သော်လည်း အဆိုပါအမျိုးသား၏ အရိပ်အယောင်မျှပင်မတွေ့ခဲ့ရကြောင်း ၎င်း၏သူငယ်ချင်းများကပြောကြားခဲ့သည်။

ဩစတြေးလျမြောက်ပိုင်း၌ မိကျောင်းပေါများသော်လည်း ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်းမျိုးကရှားပါးသည်ဟုဆိုသည်။

၁၉၈၅ ခုနှစ်မှစ၍ မှတ်တမ်းပြုစုချက်များအရ မစ္စတာဒါမဒီ၏တိုက်ခိုက်ခံရမှုအပါအဝင် မိကျောင်းကြောင့်သေဆုံးမှုပေါင်း ၁၃ မှုသာရှိသေးကြောင်းလည်းဖော်ပြထားသည်။

၁၉၇၄ ခုနှစ်ကစတင်ပြဌာန်းခဲ့သော မိကျောင်းမသတ်ရဥပဒေကြောင့် ကွင်းစလန်းရှိမိကျောင်းအရေအတွက်သည် အကောင်ရေ ၅,၀၀၀ ခန့်မှ ကောင်ရေ ၃၀,၀၀၀ ကျော်အထိမြင့်တက်လာခဲ့သည်ဟုဆိုသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here