အနှစ်၂ဝအကြာ မြန်မာပြည်ဂီတစင်မြင့်မှာ ပြန်လည်မြင်တွေ့ရမယ့် အေးချမ်းမေ

0
191

aye

ပျော်ရွှင်ခြင်းနိုင်ငံ၊ JV 1500 ၊ ချစ်သူနားဆင်ဖို့၊ ရင်ခွင်အခန်း၊ ရပ်တန့်လို့မရနိုင် စတဲ့ တစ်ကိုယ်တော်စီးရီး ငါးခွေနဲ့ အတွဲစီးရီးများထွက်ရှိခဲ့ပြီး အမေရိကန်နိုင်ငံကို လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ထွက်ခွာသွားခဲ့တဲ့ အေးချမ်းမေက အခု နိုဝင်ဘာလအတွင်းမှာတော့ သူ့ရဲ့ ပရိသတ်တွေကို တစ်ကိုယ်တော် ဖျော်ဖြေသီဆိုဖို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ် ပါတယ်။ အေးချမ်းမေဆိုတာနဲ့ မြန်မာပြည်သူတွေ နှုတ်ဖျား မှာ တစ်စစီကျိုးပဲ့နေပြီဆိုတဲ့ စာသားလေးကို တွဲမြင်ခဲ့တဲ့အထိ အေးချမ်းမေရဲ့ “ပျော်ရွှင်ခြင်းနိုင်ငံ” စီးရီးက အောင်မြင်ခဲ့ပြီး ၁၉၉၄၊ ၉၅၊ ၉၆ ကာလတွေဟာ အေးချမ်းမေရဲ့  အတောက်ပဆုံးကာလများဖြစ်ခဲ့ ပါတယ်။ အောင်မြင်မှု အထွတ်အထိပ်ကို ရယူထားစဉ်ကာလမှာပဲ ၁၉၉၇ ခုနှစ်မှာ သူမဟာအကြောင်းအမျိုးမျိုး ကြောင့် အမေရိ ကန်နိုင်ငံမှာ အခြေချနေထိုင်ခဲ့ပါတယ်။ အခု နှစ်နှစ် ဆယ်အလွန်ကာလမှာတော့ အေးချမ်းမေရဲ့ စင်မြင့် ဖျော်ဖြေပွဲကိုပရိသတ်တို့ ပြန်လည်မြင်တွေ့ ရတော့ မှာဖြစ်ပြီး အခုလိုကိုယ့်နိုင်ငံကို ပြန်ခြေချဖြစ်တဲ့ အပေါ်ခံစားရမှုကို အေးချမ်းမေက..

” မြန်မာပြည်က ပရိသတ်တွေနဲ့ ပြန်တွေ့ရတာ တအားကိုပျော်တယ်။ သူတို့ကိုလည်း တအား လွမ်းတယ်။ အခုလို ကျွန်မပြန်ရောက်တဲ့အခါမှာလည်း အားလုံးက လေဆိပ်အထိ တကူးတကလာကြို ကြတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။ နှစ်နှစ်ဆယ်လုံးလုံး မမေ့ဘဲနဲ့ ကျွန်မ ကို ချစ်ခင် ကြတဲ့ မြန်မာပြည်သူ ပြည်သားအားလုံးကို ကျေးဇူးလည်း တင်သလို ပီတိလည်းဖြစ်ပါတယ်” လို့ အေးချမ်းမေက ပြောပါတယ်။ အေးချမ်းမေက ဟိုမှာနေစဉ်မှာလည်း မြန်မာပြည်နဲ့ ပတ်သက်လို့ အင်တာနက်က တစ်ဆင့်အမြဲ ကြည့်ဖြစ်တယ်လို့သိရပြီး အခုလို အခွင့်သာတဲ့ အချိန်မှာမှ ပြန်လာဖြစ်တယ်လို့ ဆိုပါတယ်။ အေးချမ်းမေက သူ့ရဲ့အတောက်ပဆုံးကာလတွေမှာ ပြည်ပကိုထွက်သွားခဲ့ပြီး နှစ်နှစ်ဆယ်နီးပါးကြာခဲ့တဲ့အတွက်ဒီအပေါ်မှာ ဆုံးရှုံးမှုတွေကို..

” ဆုံးရှုံးမှုတွေကတော့ အများကြီးပါပဲ။ ဒါကိုတော့ ပြန်ပြောမနေ တော့ပါဘူး။ ဒါပေမဲ့ ဖြစ်ချိန် တန်လို့ ဖြစ်ခဲ့တယ်လို့ပဲ သဘောထားပါတယ်။ ၁၉၉၇ ခုနှစ်မှာ အမေရိကမှာရှိတဲ့ ကျွန်မပရိသတ်တွေက ဖိတ်လို့ သီချင်းသွားဆိုတယ်။ အဲဒီနောက်ပိုင်းမှာ ပြဿနာတစ်ခုဖြစ်လို့ ပြန်မလာဖြစ်တော့တာပါ။ ဘာကြောင့်လဲဆိုတာ တချို့လည်းသိပါတယ်။ တချို့လည်းမသိဘူးပေါ့။ ဒါပေမဲ့ ဒီကိစ္စတွေကို ပြန် ဖြေရှင်း မနေချင်တော့ပါဘူး။ ဒါတွေက အချိန်ကပဲ ကုစားပေးသွားမှာပါ” လို့ သူမ က ပြောပါတယ်။ အေးချမ်းမေရဲ့ နှစ်နှစ်ဆယ်အလွန်မှာ ပြန်လည် ဖျော်ဖြေမယ့် တစ်ကိုယ်တော်ပွဲမှာတော့ သူ့ရဲ့သီချင်းတွေကို ပုံစံအသစ်နဲ့ ပြန်လည်သီဆိုသွားဖို့ရှိ တယ်လို့သိရပြီး တစ်ယောက်တည်း အနေနဲ့ သီချင်းအပုဒ်နှစ်ဆယ်အပြင် စုံတွဲသီချင်း ၅ပုဒ် လောက် သီဆို ဖို့ရှိတယ်လို့ သိရပါတယ်။ အေးချမ်းမေက ရန်ကုန်ပွဲအပြီးမှာတော့ မန္တလေးမြို့မှာလည်း စည်သူလွင်နဲ့ အတူ “တို့မဝေးဘူး” ဆိုတဲ့ ခေါင်းစဉ်နဲ့ စုံတွဲဂီတဖျော်ဖြေပွဲတစ်ခု ပြုလုပ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

” မရောက်ဖြစ်တဲ့အချိန်မှာ ကျွန်မရဲ့သီချင်းတွေကို နားဆင်ပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ နောက်လည်း ဆက်ပြီး အနုပညာလုပ်ငန်းတွေ ပြန်လည် လုပ်ဆောင်ဖို့အတွက် စီစဉ်ထားပါတယ်။ ဆက်လက်ပြီး တော့လည်း ကျွန်မကိုအားပေးကြပါလို့ ပြောချင်ပါတယ်” လို့ ပြောခဲ့တဲ့ အေးချမ်းမေက သီချင်းသစ်တွေလည်း ထပ်မံထွက်ရှိနိုင်အောင် ကြိုးစားသွားဦးမယ်လို့လည်း ဆိုပါတယ်။

ရဲရဲ
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here