မုန်တိုင်းတိုက်ခတ်လာပါက အရေးပေါ်ကူညီမှုများလုပ်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများမှ ကြိုတင်ပြင်ဆင်

0
187

ရန်ကုန်တိုင်းအတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များသည် လာမည့်ရက် ပိုင်းအတွင်း၌ တိုက်ခတ်လာနိုင်မည့် မုန်တိုင်းကြောင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေကြသည်။

ကြိုတင်ပြင်ဆင်ရာတွင် အရေးပေါ်ရှာဖွေကယ် ဆယ်ရေးအဖွဲ့ဝင်များကို ဖွဲ့စည်းထားပြီးနောက် ကျန်အဖွဲ့ဝင်များမှလိုက်ပါကူညီပေးနိုင်ရန် စီစဥ်ထားကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများကိုလည်း အသင့်ပြင်ဆင်ထားကြောင်း သိရသည်။

“ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ခရိုင်/မြို့နယ်အလိုက် မီးသတ်စခန်းအသီးသီးက တပ်ဖွဲ့ဝင်တွေအကုန်လုံးက မုန်တိုင်းတိုက်ခတ်လာရင်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ကိုင်နိုင်ဖို့ အသင့်ဖြစ်နေပါပြီ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေကော လူမှုကူညီရေးအသင်းတွေနဲ့ကော တိုင်ပင်ညှိနှိုင်းပြီး အကူအညီလိုအပ်တဲ့လူတိုင်းကို ကူညီပေးသွားမှာပါ”ဟု မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြော သည်။

ထို့အတူ မုန်တိုင်းတိုက်ခတ်လာပါက ကြုံတွေ့လာနိုင်သည့် ဘေးအန္တရာယ်များအား ပြည်သူများအနေဖြင့် ယခင်တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းအား ဥပမာယူ၍ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားသင့်သည်ဟုလည်း လူမှုကူညီရေးအသင်းဝင်များက တိုက်တွန်းနှိုးဆော်ထားသည်။

“အဓိကလိုအပ်တာက သောက်သုံးရေ ဆေးဝါးပစ္စည်းနဲ့စားနပ်ရိက္ခာပေါ့၊ နိုင်သလောက်စုဆောင်းထားတာ ကိုယ့်အိမ်က ခိုင်မာမှုရှိလား/မရှိစစ်ဆေးပြီး ခိုင်မာမှုမရှိရင် လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ထားသင့်တယ်၊ ကိုယ့်မြို့နယ် ကျေးရွာ ရပ်ကွက်မှာရှိတဲ့ မီးသတ်၊ကြက်ခြေနီနဲ့လူမှုကူညီရေးအသင်းတွေရဲ့ ဖုန်းနံပတ်တွေကိုအသင့်ဆောင်ထားသင့်တယ်၊ ဒါမှအကူအညီလိုအပ်ရင်ချက်ခြင်းအကြောင်းကြားနိုင်မှာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မုန်တိုင်းတိုက်ခတ်ချိန်၌ သစ်ပင်များလဲကျကာ နေအိမ်များလမ်းများပေါ်သို့ပိမိခြင်းများလည်းဖြစ်ပေါ်နိုင်၍ သတိပြုနေထိုင်ကြရန်လိုအပ်ကာ မြစ်၊ချောင်းများနှင့်နီးသည့်နေရာများတွင် နေထိုင်သူများအနေဖြင့်လည်း မြစ်၊ချောင်းများနှင့်ဝေးရာသို့ ကြိုတင်ရွှေ့ပြောင်းထားသင့်ကြောင်း တိုက်တွန်းနှိုးဆော်ထားသည်။

မိုးဇလ၏ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ၎င်းနှင့်ဆက်စပ်သည့် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် မေ ၈ ရက်၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ကာ မေ ၉ ရက်တွင် ပိုမိုအားကောင်းလာပြီးမုန် တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထုတ်ပြန်ခဲ့သည်။

မေ ၁၀ ရက်တွင် မုန်တိုင်းငယ်အဖြစ်မှ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်ကာ မြစ်ဝ ကျွန်းပေါ်ဒေသနှင့်ရခိုင်ကမ်းရိုးတန်းအနီးသို့ ရောက်ရှိနိုင်ပြီး မေ ၉ ရက်မှ ၁၄ ရက်အထိ မြစ်ဝ ကျွန်းပေါ်၊မုတ္တမကွေ့၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလျင် မိုင် ၈၀ မှ ၉၀ အထိတိုက်ခတ်ကာ လှိုင်းအလွန်ကြီးနိုင်သည်ဟု ခန့်မှန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here