ယူကရိန်းနှင့် ရုရှားနိုင်ငံမှ ကိုယ်စားလှယ်တို့ တုကီယေးရှိ အစည်းအဝေးပွဲအတွင်း ခိုက်ရန်ဖြစ်ပွားခဲ့

0
194

ယူကရိန်းနှင့် ရုရှားနိုင်ငံများမှ ကိုယ်စားလှယ်များသည် တုကီယေးနိုင်ငံ၊ အန်ကာရာ မြို့တွင် မေလ ၄ ရက် ကြာသပတေးနေ့က ကျင်းပခဲ့သော ပင်လယ်နက်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ပါလီမန် ညီလာခံ (PABSEC) အစည်းအဝေး၌ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်မှာ ယူကရိန်းသည် ပူတင်အား လုပ်ကြံရန် မောင်းသူမဲ့လေယာဉ်များ စေလွှတ်ခဲ့သည်ဟု ရုရှားက စွပ်စွဲခဲ့ပြီး နောက်တစ်ရက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြဿနာမှာ အမည်မသိ ရုရှား ကိုယ်စားလှယ်တစ်ဦးသည် အစည်းအဝေး ခန်းမ၏ အပြင်ဘက်တွင် ဓာတ်ပုံရိုက်ရန် ပြင်ဆင်နေသော ယူကရိန်းကိုယ်စားလှယ် အိုလက်ဇန်းဒါး မာရီကော့စကီး ၏ လက်ထဲမှ ယူကရိန်းအလံကို သွားရောက် ဆွဲယူလိုက်ခြင်းဖြင့် စတင်ခဲ့သည်။

ထို့ကြောင့် မာရီကော့စကီး သည် ထိုရုရှားနိုင်ငံသားနောက် ပြေးလိုက်သွားကာ အလံကို ပြန်လုရန်ကြိုးပမ်းခဲ့သည်။ လုံခြုံရေးများ ဝင်ရောက်တားဆီးမှ ခိုက်ရန်ဖြစ်ပွားမှု ရပ်တန့်သွားသည်ဟု သိရသည်။

ထိုဖြစ်ရပ်အပြင် ယူကရိန်း ကိုယ်စားလှယ်များသည် အစည်းအဝေး၌ ရုရှားကိုယ်စားလှယ် အိုလာ တီမိုဖီဗာက မိန့်ခွန်း ပြောကြားစဉ် သူ၏ နောက်မှနေ၍ နိုင်ငံတော် အလံကို ကိုင်ဆောင်ကာ အနှောက်အယှက် ပြုခဲ့သည်။ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ကို အစည်းအဝေးခန်းမ၏ အပြင်ဘက်သို့ ပို့ဆောင်လိုက်မှသာ ရုန်းရင်းဆန်ခတ်ဖြစ်မှု ရပ်တန့်သွားသည်။ 

ထိုဖြစ်ရပ်သည် စစ်ဖြစ်နေသော နှစ်နိုင်ငံကြား စစ်မြေပြင်၌ သာမက နိုင်ငံတကာ အစည်းအဝေးများတွင်ပါ မကျေနပ်မှုများ ရှိနေကြောင်းကို အထင်းသား ပြသနေခြင်းဖြစ်သည်။

Source: မစ်ရာ


LEAVE A REPLY

Please enter your comment!
Please enter your name here