ဆီဆိုင်မြို့နယ်မှ အာဆီယံကိုယ်စားလှယ်အဖွဲ့ ယာဉ်တန်း အပစ်ခံရမှု ‌စင်ကာပူ ဝေဖန်

0
350

ပြီးခဲ့သည့် မေလ (၇) ရက်က ရှမ်းပြည်တောင်ပိုင်း ၊ ဆီဆိုင်မြို့နယ်အတွင်းက နန့်အောကျေးရွာအနီး ဖြစ်ပွားခဲ့သည့် အာဆီယံ ကိုယ်စားလှယ်များပါသည့် ထောက်ပံ့ရေး ယာဉ်တန်းပစ်ခတ်ခံရမှုအပေါ် စင်ကာပူနိုင်ငံက ပြစ်တင်ဝေဖန်မှုများထွက်ပါ်လာသည်။

ဆီဆိုင်မြို့နယ် ၊ ရေဖြူကျေးရွာမှ ယာယီနေရပ်စွန့်ခွာအိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းများပေးရန်ထွက်လာသည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အာဆီယံညှိနှိုင်းမှုစင်တာ (AHA Center)မှ ကိုယ်စားလှယ်များနှင့် စင်ကာပူသံရုံး ၊ အင်ဒိုနီးရှားသံရုံးတို့မှ ကိုယ်စားလှယ်များပါသည့် ယာဉ်တန်းကို မေ (၇) ရက်က ပစ်ခတ်ခံရခဲ့ခြင်း ဖြစ်သည်။

တောင်ကြီးမြို့မှ ဆီဆိုင်မြို့သို့ ထွက်ခွာလာသည့်ယာဥ်တန်းအား နန့်အောကျေးရွာ၏ မြောက်ဘက်မီတာ ၂၀၀ ခန့်အကွာတွင် သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြသည့်အတွက် ယာဥ်တန်းတွင်လိုက်ပါလာသည့် လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စင်ကာပူနိုင်ငံဘက် ပစ်ခတ်မှုကျူးလွန်သည့်အဖွဲ့များအပေါ် ပြစ်တင်ဝေဖတ်မှုများ လုပ်ဆောင်ခဲ့ပြီး ယခု လုပ်ရပ်မျိုး မလုပ်ဆောင်သင့်ကြောင်း ပြောကြားထားသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ ယင်းဒေသတွင် ထိန်းချုပ်ထားသည့် ဦးအောင်ခမ်းထီး ဦးဆောင်သည့် PNO အဖွဲ့နှင့် ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ ဦးဆောင်သည့် PNLO အဖွဲ့အကြား အပြန်အလှန် စွတ်စွဲပြောဆိုမှုများ ရှိနေသော်လည်း နစက ဖက်က အကြမ်းဖက်အဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်းသာ ပြောကြားထားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပေါ်ပြူလာနယူး(စ်) အနေဖြင့် PNO နှင့် PNLO မှ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း တယ်လီဖုန်းလိုင်းများ မရသည့်အတွက် မေးမြန်းနိုင်ခြင်း မရှိခဲ့ပေ။

အဆိုပါ ပစ်ခတ်မှု ဖြစ်စဉ်အတွင်း လူထိခိုက် သေဆုံးခြင်း မရှိခဲ့သော်လည်း မော်တော်ယာဉ်အချို့ ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ရန်သွားရောက်သည့် ယာဉ်တန်းမှာ ပစ်ခတ်ခံခဲ့ရသည့်အတွက် ဆီဆိုင်မြို့အထိ မသွားရောက်နိုင်ဘဲ နောက်ကြောင်း ပြန်လှည့်ခဲ့ရပြီး သံရုံးမှ ကိုယ်စားလှယ်များသည်လည်း ရန်ကုန်သို့ ပြန်ရောက်နေပြီ ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here