စစ်တွေဆိပ်ကမ်းဖွင့်လှစ်ရာအိန္ဒိယမှကုန်တင်သင်္ဘောအားကြိုဆို

0
360

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်တည်ရှိသော ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းတွင်ပါဝင်သည့် စစ်တွေဆိပ်ကမ်းကိုယနေ့ မေလ ၉ရက်နေ့ နံနက်ကစတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ဤဆိပ်ကမ်းဖွင့်နိုင်မူကြောင့်ကုန်သွယ်မှု၊ အလုပ်အကိုင်ရရှိမှု၊ ခရီးသွားလုပ်ငန်း၊ ကမ်းရိုးတန်းသွားသင်္ဘောပြေးဆွဲတို့ဖြင့် လူနေမှုဘဝတို့ကိုပြောင်းလဲ‌စေနိုင်မည်ဖြစ် သည်။

ဖွင့်ပွဲ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်အိန္ဒိယသမ္မတနိုင်ငံ ဆိပ်ကမ်းများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Shri Sarbananda Sonowalတို့က အတူတကွပူးတွဲဖွင့်လှစ်ပေးခဲ့သည်။

စစ်တွေမြို့သို့ ဆောက်လုပ်ရေးပစ္စည်း သယ်ဆောင်လာသည့် ပထမဆုံးသော ကုန်တင်ရေယာဉ် ITT LION အားလည်း အခမ်းအနားဖြင့်ကြိုဆိုခဲ့ကြသည်။

အဆိုပါသင်္ဘောသည် ၂၀၂၃ ခုနှစ် မေလ ၄ ရက်နေ့က ကာလကတ္တားရှိ Syama Prasad Mookerjee ဆိပ်ကမ်းမှစတင်ထွက်ခွာလာခြင်းဖြစ်သည်။ အဆိုပါ သင်္ဘောသည် မတ်ပဲ မက်ထရစ်တန် ၁၀၀၀ ကိုရခိုင်ပြည်နယ်မှ အိန္ဒိယနိုင်ငံသို့ပြန်လည်သယ်ဆောင်သွားမည်ဖြစ်သည်။

အိန္ဒိယသမ္မတနိုင်ငံ ဆိပ်ကမ်းများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Shri Sarbananda Sonowal သည် ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှတာဝန်ရှိသူများ၊စစ်တွေမြို့နှင့် ရန်ကုန်မြို့မှ ဒေသခံ လုပ်ငန်းရှင်များနှင့်လည်း ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ
အိန္ဒိယ- မြန်မာ ကုန်သည်ကြီးများ အသင်းတို့မှ အိန္ဒိယ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးသည့်အကြောင်းအရာများမှာ စီးပွားရေးနှင့်ကုန်သွယ်မှုဆိုင်ရာ အလားအလာများလမ်းပွင့်လာခြင်း၊ ဆိပ်ကမ်းကို အကောင်းဆုံးအသုံးချရေး၊ ကုန်သွယ်မှုဆိုင်ရာကုန်ပစ္စည်းများကို ဖော်ထုတ်ခြင်း၊ စိန်ခေါ်မှုများအတွက်အဖြေများရှာဖွေခြင်းတို့ပါဝင်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here