လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူများအား အမျိုးအစားအလိုက် ဆုကြေးငွေများထောက်ပံ့မည်

0
360

PDF အဖွဲ့ဝင်များအနက် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူများအနေဖြင့် လက်နက်/ခဲယမ်းများပါရှိပါက ဆုကြေးငွေများထောက်ပံ့ပေးသွားမည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ PDF အဖွဲ့ဝင်များအား ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်သည့် ထုတ်ပြန်ချက်၌ ရေးသားထားခြင်းဖြစ်သည်။

ဥပဒေဘောင်အတွင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား လိုအပ်သည့်ကူညီပံ့ပိုးမှုများပြုလုပ်ပေးသွားမည်ဖြစ်ပြီး လက်နက်/ခဲယမ်းများဖြစ်သည့် ရိုင်ဖယ်အုပ်စုဝင်သေနတ်(၁)လက်ပါရှိပါက ကျပ်သိန်း(၅၀)၊ ပစ္စတိုအုပ်စုဝင်သေနတ် (၁)လက်ပါရှိပါက ကျပ်သိန်း(၂၀)၊ ပြောင်းချောသေနတ်(၁)လက်ပါရှိပါက ကျပ်သိန်း(၃၀)စီ ဆုကြေးငွေများထောက်ပံ့ပေးသွားမည်ဖြစ်သည်။

စိန်ပြောင်းလောင်ချာ၊အာပီဂျီကဲ့သို့ လက်နက်များ(၁)လက်ပါရှိပါက ကျပ်(၇၅)သိန်း၊ လက်လုပ်ပြောင်းချောသေနတ်၊လက်လုပ်စိန်ပြောင်း၊လက်လုပ်သေနတ်(၁)လက်ပါရှိပါက ကျပ်(၅)သိန်း၊ လက်လုပ်မိုင်းများ၊လက်ပစ်ဗုံးများပါရှိပါက ကျပ်(၃)သိန်း၊ လက်နက်/ခဲယမ်းမှအပအခြားအသုံးအဆောင်ပစ္စည်းများ(ဥပမာ- စကားပြောစက်) ပါရှိပါက ကျပ်(၂)သိန်း၊ ဗုံးဖောက်ခွဲရေးအတွက်အသုံးပြုနိုင်သော Drone (၁)စင်းပါရှိပါက ကျပ်သိန်း(၅၀)တို့အားဆုကြေးငွေအဖြစ် ထောက်ပံ့ပေးသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ပြန်လည်ဝင်ရောက်လာသူများတွင် လူသတ်မှု၊မုဒိမ်းမှု၊သူတစ်ပါးအပေါ်ထိခိုက်နစ်နာစေမှုစသည့် ပြစ်မှုတစ်ခုခုကျူးလွန်ထားသူများပါရှိပါက ဥပဒေအရတရားရုံးတွင်အမှုရင်ဆိုင်ဖြေရှင်းရမည်ဖြစ်သည်။

ထိုသို့ အမှုရင်ဆိုင်ရာ၌ နိုင်ငံတော်အစိုးရမှ ပြစ်မှုအတိုင်းအတာပေါ်မူတည်၍ ဥပဒေကြောင်းအရ လိုအပ်သည့် ဖြေလျှော့မှုများပြုလုပ်ပေးသွားမည်ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။

နိုင်ငံတော်တည်ဆောက်ရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်ရမည့်အချိန်ဖြစ်၍ အကြောင်းအမျိုးမျိုးကြောင့် PDF အပါအဝင် အကြမ်းဖက်အဖွဲ့များအတွင်းရောက်ရှိနေသူများ၊ဥပဒေပြင်ပရှိ အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများကို နိုင်ငံတော်တည်ဆောက်ရေးတွင်ပါဝင်နိုင်ရေးအတွက် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်ရန် နစက မှဖိတ်ခေါ်လျက်ရှိသည်။

ထို့ကြောင့် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊တပ်စခန်းများနှင့်ရဲစခန်းများသို့ ဆက်သွယ်သတင်းပို့၍ ဝင်ရောက်နိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here