မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်၊ လိမ္မော်ရောင်အဆင့်သတ်မှတ်ထား

0
4646

မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိသည့်အတွက် လိမ္မော်ရောင်အဆင့်သတ်မှတ်ထားကြောင်း မိုး/ဇလမှ အသိပေးထုတ်ပြန်ထားသည်။

ယနေ့မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသောကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသောအားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ပိုမိုအားကောင်းလာပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ကာ၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၄၁၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၅၄၀)မိုင်ခန့်၊ စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၇၃၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏ အနောက်- အနောက်မြောက်ဘက် ရေမိုင်(၂၆၅)မိုင်ခန့်၊ ပို့ပလဲယား(Port Blair)၏ အနောက်တောင်ဘက်ရေမိုင်(၂၇၅)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၇၉၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၈.၃)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၅)ဒီဂရီတွင် ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်းခန့် ဖြစ်ကြောင်း သတိပေးထားသည်။

အဆိုပါ မုန်တိုင်းငယ်(Depression)သည် လာမည့် ၅ ရက်အတွင်း မြောက်-အနောက်မြောက်ဘက်သို့ရွေ့လျားပြီး၊ပိုမိုအားကောင်းလာကာ မေလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင်ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌အားကောင်းသောမုန်တိုင်းငယ် (Deep Depression)အဖြစ်သို့လည်းကောင်း၊ ညပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အဖြစ်သို့လည်းကောင်း၊ ၁၁ ရက်နေ့နံနက်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့လည်းကောင်း၊ ညပိုင်းတွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very SevereCyclonic Storm) အဖြစ်သို့လည်းကောင်းရောက်ရှိနိုင်ကြောင်း သိရသည်။

ယင်းနောက် ၁၄ ရက်နေ့တွင် မြောက်-အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်းကွေ့ကာဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ (Cox’s Bazar)နှင့်မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟုခန့်မှန်းထားသည်။

ယင်းအပြင် ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးရာမှလှိုင်းအလွန်ကြီးနိုင်‌ကြောင်း၊မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၇၀)မှမိုင်(၈၀)ခန့်အထိတိုက်ခတ်နိုင်ပြီး မုတ္တမကွေ့- မွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၄၀)မှ (၄၅)မိုင်ခန့်အထိတိုက်ခတ်နိုင်သည်ဟု မိုး/ဇလက ခန့်မှန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here