စိုက်ပျိုးရန်ကျန်ရှိသည့် မြေ ၅ သန်း ၇ သိန်းကျော်၌ စိုက်ပျိုးမှုများပြုလုပ်ရန်ဆောင်ရွက်ပေးမည်

0
171

တိုင်းပြည်၏စီးပွားရေးတိုးတက်လာစေရန်၊နိုင်ငံ GDP တိုးတက်နှုန်းကိုအထောက်အကူပြုစေရန်တို့နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ မေ ၁၀ ရက်မွန်းလွဲပိုင်းက နေပြည်တော်၊ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင်ပြုလုပ်သည့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

စိုက်ပျိုးမြေများတွင် လယ်ယာမြေ၊ဥယျာဉ်မြေများအပြင် အခြားမြေများကိုထည့်သွင်းထား၍ စိုက်ပျိုးဧကများပြားလျက်ရှိပြီး လက်ရှိအချိန်အထိ တိုင်းနှင့်ပြည်နယ်များအလိုက် စိုက်ပျိုးမှုမရှိဘဲကျန်ရှိသည့် မြေ ၅ သန်း ၇ သိန်းကျော်ရှိသည်ဟု ဆိုသည်။

“ပြီးခဲ့သည့်နှစ် မိုးစပါးထွက်ရှိမှုက တစ်ဧကကို ပျမ်းမျှ ၇၂ ဒသမ ၆၄ တင်းခန့်ထွက်ရှိပါတယ်၊ စိုက်ပျိုးဖို့ကျန်တဲ့ စိုက်ပျိုးမြေတွေထဲက ၄ သန်းခန့်ကို သီးထပ်စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်း ၇၂ ဒသမ ၆၄ တင်းနဲ့ တွက်ချက်မယ်ဆိုရင် ၂၈၉ ဒသမ ၅၄ တင်းသန်းထွက်ရှိမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် တစ်တင်းလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့်တွက်ချက်ပါက စပါးတင်းသန်း ၂၉၀ အတွက် ဘီလီယံ ၂၉၀၀ ရရှိပြီး တိုင်းပြည်၏ စီးပွားရေးတိုးတက်လာမည်ဖြစ်ကာ စိုက်ပျိုးရေးလုပ်ငန်းမှ ဝင်ငွေတိုးတက်လာပါက ဝယ်လိုအားနှင့်ရောင်းလိုအားများတက်လာမည်ဟုဆိုသည်။

“အဲဒီလိုဆိုရင် နိုင်ငံအတွက်များစွာအကျိုးဖြစ် ထွန်းစေမှာဖြစ်ပါတယ်၊ ဒါ့ကြောင့် စိုက်ပျိုးဖို့ကျန်ရှိတဲ့မြေတွေမှာ စိုက်ပျိုးမှုတွေဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်ပေးရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြော သည်။

ထို့ပြင် စိုက်ပျိုးခြင်းမရှိသည့် စိုက်ပျိုးမြေဧက ၄ သန်းပေါ်တွင် အခြားသီးနှံများနှင့်ဆီထွက်သီးနှံများစိုက်ပျိုးပါက စပါးကဲ့သို့များစွာအကျိုးဖြစ်ထွန်းစေမည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၌ နှစ်စဉ်ပြည်ပမှ စားသုံးဆီများတင်သွင်းနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများရှိ၍ ပြည်တွင်းစားသုံးဆီလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ပါက ပြည်တွင်းဆီဖူလုံမှုဖြစ်ပေါ်စေကာ ထိုမှတစ်ဆင့် စားသုံးဆီများပိုလျှံလာနိုင်မည်ဖြစ်ကာ စိုက်ပျိုးရေးလုပ်ငန်းတိုးတက်ခြင်းသည် နိုင်ငံ GDP တိုးတက်နှုန်းကို အထောက်အကူပြုစေမည်ဟု ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here