ဆီးဂိမ်းတွင် ယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားများ ပြန်လည် ရောက်ရှိလာ

0
165

ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာ အားကစားအဖွဲ့သည် ယမန်နေ့ညနေ (၅)နာရီခွဲအချိန်က ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့‌ လေယာဉ်အမှတ် UB7022 မြန်မာ့လေကြောင်းစင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

ပြန်လည် ရောက်ရှိလာသော နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုးများ၊ မိဘပြည်သူများက အိုးစည်၊ ဒိုးပတ်များ၊ ပန်းစည်းများဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။

အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာနညွန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦး နှင့် အုပ်ချုပ်မှုအဖွဲ့ နှင့် ပြိုင်ပွဲဝင်အားကစားသမားများ၊ စုစုပေါင်း (၁၅၈) ဦးတို့ ပြန်လည်လိုက်ပါလာကြကြောင်း သိရသည်။

ယနေ့ ပြန်လည်လိုက်ပါလာသော မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ်ဆုရှင်များမှာ ဗိုဗီနမ် အမျိုးသမီး(၂)ယောက်တွဲ အပြ မှ ခိုင်ဝါဖူးနှင့် မေဟန်နီအောင်လွင် ၊ အမျိုးသား(၄)ယောက်တွဲ အပြ မှ အောင်ခိုင်လင်း၊ ဟိန်းထက်အောင် ၊ ကျော်သူစိုးအောင်၊ ရာဇာထွန်း ၊ အမျိုးသား (၂)ယောက်တွဲ အပြ မှ မနားကွီးနှင့် တင်ထူးဇော် ၊ အမျိုးသားဓားတစ်လက် အပြ မှ အိုက်စိုးလင်း ၊ ဗိုဗီနမ် (ခွန်ဘိုကာတာ) ၁+၂ အတွဲ အတိုက်မှ ပိုင်ဇေယျာဖြိုး ၊ အံ့ဖွယ်ငြိမ်း၊ နီလာစိုးဦး၊ ခြင်းလုံး အားကစားနည်း အမျိုးသမီး Same Stroke ပြိုင်ပွဲမှ အေးအေးသန့် ၊ စုတွယ်တာ ၊ မေဖြိုးစံ ၊သဲသဲ ၊ တင်နီလာဝင်း၊ ယဉ်မင်းသွယ် ၊ ခိုင်သဇင်ဖြိုး ၊ ခိုင်ခိုင် ၊ အမျိုးသား/အမျိုးသမီး Linking Event -3 မှ လဲ့ဝတီဇော် ၊ အောင်မြင့်မြတ်၊ နှင်းဝတ်ရည်ဗိုလ်၊ အောင်နိုင်ဖြိုးဟန်၊ ရွှန်းလဲ့ဝေ ၊ သော်ဝေဇင်၊ ငြိမ်းအိမွန်၊ စိုင်းဇော်ဇော်၊ အမျိုးသား Event -4 မှ လင်းသစ္စာအောင်၊ ခန့်ဝင်းဟိန်း၊ ဝေယံဖြိုး၊ ရဝေအောင်၊ ဇော်လင်းမောင်၊ ကောင်းမြတ်သီဟ ၊ မင်းခန့်ဝင်း၊ ဓူဝံကျော်၊ အမျိုးသမီး Event -4 မှ အေးအေးသန့်၊ မေဖူးဟန်၊ သဲသဲ၊ ယဉ်မင်းသွယ်၊ စုတွယ်တာ၊ ခိုင်ခိုင်၊ တင်နီလာဝင်း၊ မှုံနံ့သာ၊ ပီတန်းအားကစား Women Single Shooting မှ ခင်ချယ်ရီသက် တို့ဖြစ်ကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့သည် မေလ(၁၁)ရက် ညပိုင်းအထိ ရွှေတံဆိပ် (၁၄)ဆု၊ ငွေတံဆိပ် (၁၅)ဆု၊ ကြေးတံဆိပ် (၃၈)ဆု၊ စုစုပေါင်း ဆုတံဆိပ် (၆၇)ခု ရရှိနေပြီး ယခင်နှစ် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ရရှိသည့် ရွှေတံဆိပ် (၉)ဆု၊ ငွေတံဆိပ် (၁၈)ဆု၊ ကြေးတံဆိပ် (၃၅)ဆု၊ စုစုပေါင်းဆုတံဆိပ် (၆၂)ခုထက် သာလွန်နေပြီဖြစ်ကြောင်းလည်း သိရသည်။

ဆီးဂိမ်းသည် မေလ (၁၇) ရက်နေ့အထိကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး ကျန်ရှိနေသည့်မြန်မာအားကစားအဖွဲ့များသည် ဆက်လက်ယှဥ်ပြိုင်လျှက်ရှိကြောင်းသိရသည်၊၊


LEAVE A REPLY

Please enter your comment!
Please enter your name here