မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်းအမျိုးသမီးအသင်းတို့ ယနေ့ ယှဉ်ပြိုင်ကစားမည်

0
219

၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ်မြန်မာနှင့် ထိုင်းအသင်းတို့ ယနေ့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာနှင့် ထိုင်းအသင်းတို့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ယနေ့ မေလ ၁၂ ရက်၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၃၀ မိနစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ဖနွမ်းပင်မြို့ရှိ RCAF Old ကွင်းတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

“ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့လို့ ဝမ်းသာပါတယ်။ အုပ်စုအဆင့်မှာ ပြိုင်ဘက်ကောင်းတွေနဲ့ ယှဉ်ပြိုင်လာရပြီး အခုလို‌နောက် တစ်ဆင့်တက်ရောက်လာခဲ့တာပါ။ ထိုင်းက တောင့်တင်းတဲ့အသင်းကောင်းတစ်သင်းဖြစ်ပြီး အင်အားကြီးပါတယ်။ ပြိုင်ဘက်ကို လေးလေးစားစားနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး မနက်ဖြန်ပွဲစဉ်အတွက် အကောင်းဆုံးပြင်ဆင်သွားပါမယ်” ဟု မြန်မာအသင်း နည်းပြချုပ် Uki Tetsuro က ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

မြန်မာအသင်းခေါင်းဆောင် ခင်မာလာထွန်းကလည်း “ထိုင်းအသင်းက အာဆီယံမှာ အင်အားကြီးအသင်းတစ်သင်းပါ။ ထိုင်းအသင်းရဲ့ပွဲစဉ်တွေကိုလည်း ကြည့်ဖြစ်ပါတယ်။ အသင်းသားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့အတူ ဆီမီးဖိုင်နယ်ပွဲစဉ်ကို အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ” ဟု ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here