Google ရဲ့ AI Chatbot က ပရိုဂရမ်ကုတ်များ ရေးသားနိုင်ပြီ အပိုင်း(၉)

0
1140

ယခုအခါ Google ကုမ္ပဏီသည် သုံးစွဲသူများ၏ တောင်းဆိုမှုကိုတုံ့ပြန်သည့်အနေဖြင့် ဆော့ဖ်ဝဲ ရေးဆွဲသူများကိုကူညီပေးနိုင်မည့် စွမ်းဆောင်ရည်သစ်တစ်မျိုးကို Bard AI Chatbot တွင် ထပ်မံ ထည့်သွင်းပေးလိုက်ပြီဖြစ်သည်။

အဆိုပါစွမ်းဆောင်ရည်သစ်တွင် ပရိုဂရမ်ကုတ်ရေးဆွဲခြင်း၊ ပရိုဂရမ် အမှားရှာပေးခြင်းနှင့်ပရိုဂရမ်ကုတ်များနှင့်ပတ်သက်၍ရှင်းပြပေးခြင်းတို့ပါဝင်မည်ဖြစ်သည်။

Google အနေဖြင့် သုံးစွဲသူများထံမှ အများဆုံးတောင်းဆိုခြင်းခံရသည့်စွမ်းဆောင်ရည်များထဲမှ တစ်ခုမှာ ပရိုဂရမ်ကုတ်ရေးသားခြင်းဖြစ်ကြောင်း Google ၏ထုတ်ကုန်များကိုသုတေသနပြုလုပ်ရာတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် Paige Bailey က ဆိုသည်။

“ အခုကစပြီး Bard အနေနဲ့ ပရိုဂရမ်ကုတ်ရေးတာ၊ ပရိုဂရမ်အမှားရှာပေးတာနဲ့ ကုတ်တွေ အကြောင်းကိုရှင်းပြပေးတာတွေကို ကူညီပေးနိုင်ပါတယ်။ ဒီလိုစွမ်းဆောင်ရည်တွေကို C++, Go, Java, Javascript, Python နဲ့ Typescript အပါအဝင် ပရိုဂရမ်ဘာသာရပ် ၂၀ ကျော်နဲ့ စတင်ဆောင်ရွက်နေပါပြီ”ဟု Google က တရားဝင်ကြေညာခဲ့သည်။

Bard AI Chatbot သည် သုံးစွဲသူများအတွက် ပရိုဂရမ်ကုတ်တစ်ကြောင်းချင်းစီကို စစ်ဆေး၍ အမှားရှာရာတွင် ကူညီပေးနိုင်သည်။ ပရိုဂရမ်ရေးသူများအနေဖြင့်”ဤပရိုဂရမ်ကုတ်သည် အလုပ် မလုပ်ပါ။ ကျေးဇူးပြု၍ ပြန်ပြင်ပေးပါ” ဟု Bard ကိုပြောလိုက်ပါက ပရိုဂရမ်ရှိ မှားနေသော အချက်များကိုရှာဖွေပေးမည်ဖြစ်ကြောင်း Google ကဆိုသည်။

ထို့အပြင် Bard AI Chatbot သည် ပရိုဂရမ်ကုတ်များကို ဘာသာရပ်တစ်ခုမှ တစ်ခုသို့ပြောင်းလဲပေးနိုင်ပြီး ပရိုဂရမ်အသစ်ရေးသားသူများအတွက် ကုတ်တစ်ကြောင်းချင်းစီကိုလည်းရှင်းပြပေးနိုင်မည် ဖြစ်ပါသည်။

ယခုအခါ Bard AI Chatbot သည် လေ့ကျင့်ခန်းအစီအစဉ်ပြုလုပ်ခြင်း၊ ချက်ပြုတ်နည်းအသစ် ဖန်တီးခြင်း၊ သင်ခန်းစာအစီအစဉ်ရေးသားခြင်းများအပါအဝင် လူတို့၏နေ့စဉ်လုပ်ငန်းကိစ္စအဝဝကို ဆောင်ရွက်ရာတွင် ကူညီပေးနေပြီဖြစ်ကြောင်းသိရှိရသည်။

https://i-hls.com/archives/119047


LEAVE A REPLY

Please enter your comment!
Please enter your name here