ရန်ကုန်တိုင်းအပါအဝင် တိုင်း (၄) တိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့သဖြင့် သစ်ပင်များပြိုလဲ

0
904

ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် မေ (၁၃) ရက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခဲ့သဖြင့် သစ်ပင်များပြိုလဲခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာန ချုပ်နှင့် လူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဗျိုင်းရွာမရပ်ကွက်၊ ဗဟိုလမ်းတွင် ယနေ့နံနက် (၁၁) နာရီ (၂၀) မိနစ်ခန့်က သစ်ပင်လဲကျကာ လမ်းပိတ်ဆို့နေခြင်း၊ နံနက် (၁၀) နာရီခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ တိုးချဲ့ (၂)ရပ်ကွက်တွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့နေခြင်းများအား သက်ဆိုင်ရာမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ရှင်းလင်းပေးခဲ့ကြသည်။

ထို့ပြင် မန္တလေးတိုင်း၊ တံတားဦးမြို့၊ အမှတ်(၂) ရပ်ကွက် အိမ်သစ်တန်းရပ်တွင် နံနက် ၈ နာရီခန့်က သစ်ပင်လဲကျ၍လမ်းပိတ်ဆို့နေခြင်း၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၆)၊ စိုက်ပျိုးရေးလမ်းတွင် နံနက် (၈) နာရီခန့်က သစ်ပင်လဲကျကာ လမ်းပိတ်ဆို့နေသည့်အတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဖယ်ရှားရှင်းလင်းပေးခဲ့ရကြောင်း သိရသည်။

ထို့အတူ နံနက် (၈) နာရီခွဲခန့်ကလည်း မန္တလေးတိုင်း ၊ညောင်ဦးမြို့၊ အမှတ်(၄)ရပ်ကွက်၊ မှန်ချိုရပ်တွင် သက်တမ်း (၁၅၀) ခန့်ရှိ မန်ကျည်းပင်သည် နေအိမ်နှင့် ဂိုဒေါင်ပေါ်သို့လဲကျခြင်း၊ နံနက် (၁၁) နာရီခန့်တွင် ညောင်ဦးမြို့၊ အမှတ် (၂) ရပ်ကွက်၊ အ.ထ.က (၂) ကျောင်းအနီးတွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့နေခြင်းတို့အား ညောင်ဦးခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဖယ်ရှားရှင်းလင်းပေးခဲ့ကြပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အရာတော်မြို့၊ အမှတ် (၁) ပိတောက်မြိုင်ရပ်ကွက်ရှိ အရာတော် – မုံရွာသွားကားလမ်းပေါ်သို့ နံနက် (၉) နာရီ (၁၀) မိနစ်ခန့်ကလည်း သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့နေခြင်း၊ ဧရာဝတီတိုင်း၊ အိမ်မဲမြို့၊ချောင်းဝရပ်ကွက်၊ (၂) လမ်းရှိ စျေးဆိုင်ခန်းပေါ်သို့ သစ်ပင်လဲကျခြင်းများအား သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေး အသင်းဝင်များက ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here