တရုတ်နှင့်ဆက်ဆံရေးပိုမိုခိုင်မာလာသဖြင့် ကုန်သွယ်ရေးဆွေးနွေးပွဲများ မကြာမီလုပ်တော့မည်ဖြစ်ကြောင်းဟွန်ဒူးရပ်စ်ဆို

0
219

တေဂူဆီးဂဲပါ၊မေ ၁၃

ဟွန်ဒူးရပ်စ်သည် ထိုင်ဝမ်နှင့်ဆက်ဆံရေးအား ဖြတ်တောက်လိုက်ပြီးနောက် တရုတ်နိုင်ငံနှင့်ပိုမိုခိုင်မာသောဆက်ဆံရေးရရှိရန်ကြိုးပမ်းသည့်အနေဖြင့် ကုန်သွယ်ရေးသဘောတူညီချက်အတွက် ဆွေးနွေးပွဲတစ်ခုအား မကြာမီပြုလုပ်မည်ဟုသိရသည်။

ဟွန်ဒူးရပ်စ်နိုင်ငံခြားရေးဝန်ကြီးက ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ဆွေးနွေးပွဲများကို မကြာမီစတင်မည်ဖြစ်ပြီး နောက်ဆုံး၌ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များအား ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။

ဟွန်ဒူးရပ်စ်သည် မတ်လနှောင်းပိုင်းကစကာ ဆယ်စုနှစ်များစွာကြာခဲ့သည့် ထိုင်ဝမ်နှင့်သံတမန်ဆက်ဆံရေးကိုဖြတ်တောက်ခဲ့ပြီး တရုတ်နိုင်ငံနှင့်စတင်ဆက်ဆံခဲ့သည်။

ကုန်သွယ်မှုပထမအဆင့်အနေဖြင့် ဗဟိုအမေရိက၏ အဓိကကော်ဖီထုတ်လုပ်ရာနိုင်ငံဖြစ်သည့် ဟွန်ဒူးရပ်စ်အနေဖြင့် ကော်ဖီကိုသာပထမဆုံးတင်ပို့မည်ဖြစ်ပြီး နောက်ပိုင်း၌ ပုစွန်နှင့်ဖရဲသီးတင်ပို့မှုများကိုပါ ထည့်သွင်းနိုင်ရန်ချိန်ဆနေသည်ဟုလည်းသိရသည်။

ယင်းအပြင် ဟွန်ဒူးရပ်စ်၏ထုတ်ကုန်များအနက် အမဲသားနှင့်ငှက်ပျောသီးများကိုပါတင်သွင်းရန် တရုတ်နိုင်ငံကစဉ်းစားနေသည်ဟုလည်း ဟွန်ဒူးရပ်စ်နိုင်ငံခြားရေးဝန်ကြီးကဆိုသည်။

ဟွန်ဒူးရပ်စ်သည် ၎င်း၏မိတ်ဖက်အသစ်မှ ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် နိုင်ငံ့ကြွေးမြီဝန်ကိုပေါ့ပါးစေရန် သဘောတူညီချက်များ ရရှိရန်လည်းမျှော်လင့်ထားကြောင်း ဧပြီလကပြောကြားခဲ့သေးသည်။

Source : ရိုက်တာ/အာဂျေ


LEAVE A REPLY

Please enter your comment!
Please enter your name here