ရန်ကုန် သစ်ပင်ပြိုမူများ

0
210

ရန်ကုန်မြို့တွင်းတွင် ယနေ့နံနက်က လေပြင်းသဖြင့် သစ်ပင်ပြိုလဲမှုများမြို့နယ်အချို့တွင်ရှိခဲ့သည်။

ယနေ့ နံနက်ပိုင်းလေပြင်းကျရောက်မှုကြောင့် သင်္ကန်းကျွန်း အမှတ်(၁၆/၁)ရပ်ကွက်၊ ဇောတိကလမ်းခရေပင်လဲပြိုရာ ကား(၁)စီးပေါ်ပိခြင်း၊ ၂၉ ရပ်ကွက်၊မီးဒုံးလမ်းသွယ်(၁)လမ်းအတွင်း ဗန်ဒါပင်ပြိုလဲ၍ ခြံစည်းရိုးပိခြင်း၊မီးဒုံးလမ်းသွယ် (၁)လမ်း၊အမက(၁၆)ကျောင်းဘေးရှိ သကြားပင်လဲပြိုခြင်း၊သုဝဏ္ဏ(၃၀)ရပ်ကွက်၊ ငုဝါလမ်းအတွင်းပိတောက်ပင်ပြိုလဲခြင်း၊ လေးထောင့်ကန်ရပ်ကွက်၊ လက်ဆည်ကန်ကန်ဘောင်ဘေးရှိ အိမ်ပေါ်သို့ ပိတောက်ပင်ပြိုလဲခြင်း၊ ဗိုလ်ကန်ညွန့်ရပ်ကွက်၊ လေးထောင့်ကန်လမ်းတွင်လမ်းသားပေါ်သို့ ဗန်ဒါပင်ပြိုလဲခြင်း၊ ဝေဇယန္တာလမ်း၊ ရေစက်ဝင်းတွင် ခြံစည်းရိုးပေါ်သို့ ဘောစကိုင်း ပင်လဲပြိုခြင်းတို့ဖြစ်ပွားခဲ့ရာ လူ၊တိရစ္ဆာန်၊ယာဥ်များထိခိုက်ဆုံးရှုံးမှုမရှိကြောင်းသိရသည်။

လမ်းမတော်မြို့နယ်အတွင်းအမှတ် (၁၀) ရပ်ကွက်၊ လမ်းသစ်လမ်း၊ မြမာလာကျောင်းဘေးရှိလုံး ပတ် (၃)ပေခန့်ကျွန်းပင်အမြစ်မှကျွတ်၍ကျောင်းနံရံဘေးသို့ပြိုကျမှုဖြစ်ပေါ်ခဲ့သည်။ အမှတ်(၁၀)ရပ်ကွက်၊လမ်းသစ်လမ်း၊ ဗဟိုစည်အိမ်ရာဝင်းရှေ့ရှိ လုံးပတ်(၃)ပေခန့်ရှိကျွန်းပင်အမြစ်ကျွတ်ထွက်၍ ဗဟိုစည်အိမ်ရာနံရံဘေးသို့လဲပြိုသည်။

တာမွေမြို့နယ်အတွင်း  မာန်အောင်ရပ်ကွက်၊တိုင်းရဲတပ်ဖွဲ့၊ ဆီပန့်ခြံဝန်းအတွင်းရှိ လုံးပတ်(၂)ပေခွဲခန့်၊ အမြင့် ၄၀ ပေခနိ့ရှိ ဗန်ဒါပင်အမြစ်လန်၍ သွပ်မိုးတိုင်ထောင် ကားဂိုဒေါင်ပေါ်သို့လဲပြိုရာ Hijetကား(၁)စီးထိခိုက်ခဲ့သည်။

အင်းစိန်မြို့နယ်အတွင်း ပိန္နဲကုန်းရပ်ကွက်၊ သီရိလမ်း၊ အမှတ် (၆)အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်းရှိ လုံးပတ် (၁)ပေခန့် ကျွန်းပင်တစ်ပင်အား ကျောင်းခြံ စည်းရိုးပေါ်သို့ပြိုလဲခဲ့ရာ ခြံစည်းရိုး ၈ပေ၂ကန့်ပျက်စီးသွားကြောင်းသိရသည်။

မင်္ဂလာဒုံမြို့နယ်အတွင်း ခရေပင်လမ်းဆုံ၊ ခရေပင်လမ်းတွင်လလုံးပတ် (၁၅)ပေခန့်၊ အမြင့်(၇၀)ပေခန့်ရှိ ညောင်ပင်လဲပြို၍ ကားလမ်းတစ်ဝက်ပိတ်ဆို့မှု့ဖြစ်ပေါ်ခြင်း၊ လမ်းမီးကြိုး(၄)တိုင်ကျိုးကျခဲ့သည်။

ရန်ကင်းမြို့နယ်အတွင်း မြောက်မြင်းပြိုင်ကွင်းလမ်း၊ တိုင်းအရံရဲဝင်းအတွင်း လုံးပတ်(၄)ပေခန့်၊ အမြင့်(၃၅)ပေခန့်ရှိ ကုက္ကိုပင်လဲပြို၍ အုတ်နံရံအပေါ်ပိုင်းပျက်စီးမှုဖြစ်ပွားခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း  အမှတ်(၈၉)ရပ်ကွက်၊ဗိဿနိုးလမ်းတွင် ကုက္ကိုပင်လဲပြိုရာ ဓါတ်ကြိုးပိခြင်း၊ အမှတ် (၈၈)ရပ်ကွက်၊ သော်ကလမ်းမြိုင်လမ်းအတွင်း ဗန်ဒါပင်လဲပြိုရာ အိမ်အရှေ့အဖီပိခြင်း၊ ငွေဇင်ယော်လမ်းရှိ ကုက္ကိုင်ပင်လဲပြိုခြင်း၊ အမှတ် (၉၃)ရပ်ကွက်၊ မြကန်သာလမ်းတွင် သရက်ပင်ပြိုလဲခြင်းတို့ဖြစ်ပွားခဲ့သည်။

အဆိုပါနေရာများသို့ကြိုတင်ပြင်ဆင်စုဖွဲ့ထားသည့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊မြို့နယ်မီးသတ်တပ်ဖွဲ့၊ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း၊မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနမှသစ်ခုတ်အဖွဲ့၊  သဘာဝဘေးအန္တရာယ်တားဆီးရေးအဖွဲ့ဝင်များပူးပေါင်းအင်အားဖြင့် ခုတ်ထွင်ရှင်းလင်းရာ နံနက်ပိုင်းတွင်ပင်ရှင်းလင်းပြီးစီးကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here