“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေ အပါအ၀င် မြို့အချို့တွင် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်

0
240

“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေမြို့အပါအ၀င် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အချို့တွင် ဆက်သွယ်ရေးလိုင်းများ ယနေ့ မွန်းလွဲပိုင်းမှစတင်ကာ ပြတ်တောက်သွားပြီဖြစ်ကြောင်း သိရသည်။

“မိုခါ” ဆိုင်ကလုန်း၏ ဒဏ်ကိုပြင်းထန်စွာခံစားနေရသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘူးသီးတောင်မြို့၊ကျောက်ဖြူမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့၊ ရသေ့တောင်မြို့ နှင့် မြောက်ဦးမြို့တို့မှ ဒေသခံများထံ ပေါ်ပြူလာနယူးမှ ဆက်သွယ်နေရာ မွန်းလွဲပိုင်းမှ စတင်ကာ ယခုညနေပိုင်းအထိ ဆက်သွယ်၍ မရတော့ဘဲ အူရီဒူးသုံးစွဲသူအချို့ကသာ ဖုန်းလိုင်းအနည်းငယ်သာ မိတော့ကြောင်း သိရသည်။

ဒေသခံများနှင့် လူမှုကွန်ရက်ပေါ်တွင် မျှဝေထားသည့် စစ်တွေမြို့နှင့် အခြားမြို့များမှ လူမှုကူညီရေးအသင်းများထံ ဆက်သွယ်ကြည့်ရတွင်လည်း ဆက်သွယ်၍ မရခဲ့ပေ။

လက်ရှိတွင် စစ်တွေမြို့၌ မုန်တိုင်းဒဏ် ပြင်းထန်စွာ ခံစားနေရပြီး မုန်တိုင်း ဒီရေဝင်ရောက်လာမှုကြောင့် ရေနစ်မြုပ်မှုများ ဖြစ်ပေါ်နေသည့်အပြင် အပင်များကျိုးကျခြင်း ၊ နေအိမ်များ ပျက်စီး ပြိုလဲခြင်းများ ဖြစ်ပေါ်နေပြီး ဒေသခံအများအပြား ပိတ်မိနေကြောင်း နေ့လယ်ပိုင်းက ရရှိသည့် သတင်းများအရ သိရသည်။

စစ်တွေ ဖုန်းမပြတ်ခင် ရရှိသော(ယနေ့ နေ့လည်၂နာရီမတိုင်ခင်) အချက်အလက်များမှာကမ်းနားလမ်းရေပြည့်၊ချောင်းနားက မဏိရတနာကျောင်း ရေမြှုပ်၊ အိုးတန်းရပ်ကွက် ကိုရေရောက်လာနေ၊လမ်းမတော်တောင်လမ်းမပေါ် ရေ ၄ပေခန့်တက်လာ၊ မနေ့ညကလူမရှိသောအိမ်များသို့ ဆိုင်ကယ်နဲ့ပတ်ခိုးနေသူများလည်းရှိကြောင်း ပြောဆိုနေကြသည်။

ဆက်သွယ်ရေးပြတ်တောက်စဥ်တပ်မတော်မှ ဆက်သွယ်ရေးစက်များဖြင့် ကြိုးစားချိတ်ဆက်နေဆဲဖြစ်ကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှသိရသည်။

၁၉၆၈ ခုနှစ်က ရခိုင်သို့ဝင်ခဲ့သော မုန်တိုင်း နှင့် ယခု မုန်တိုင်း ပုံစံတူပြီး မိုခါက ပြောင်းလဲမှု့မြန်သည်ဟုထင်ကြောင်း မှီခဲ့သည့် ရခိုင်သား ဦးရွှေဖြူကပေါ်ပြူလာနယူးစ်သို့ပြောပြသည်။

မိုခါမုန်တိုင်းသည် စစ်တွေမြို့အနီး ဖြတ်ကျော်ဝင်ရောက်စဉ် တစ်နာရီ ၁၂၅ မိုင် နှုန်းဖြင့် တိုက်ခတ်မည်ဖြစ်ပြီး ယနေ့ ညပိုင်းအထိ မုန်တိုင်း၏ နောက်ကျန်အစိတ်အပိုင်းများမှာ ရခိုင်ကမ်းရိုတန်းကို ဖြတ်ကျော် ဝင်ရောက်နေဦးမည် ဖြစ်ကြောင်း မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here