အင်အားပြင်း မိုခါ ဆိုင်ကလုန်း၏ ဗဟိုချက် ရခိုင်ကန်းရိုးတန်းသို့ ဖြတ်ကာ ချင်းပြည်နယ် မတူပီမြို့အနီးသို့ ရောက်ရှိနေ

0
359

မုန်တိုင်းအဆောက်အအုံ၏ နောက်ဘက်အပိုင်းများ ဆက်လက်ဖြတ်ကျော်နေဆဲဖြစ်၍ စစ်တွေတွင်ယနေ့ညပိုင်း အထိ မိုး ၊ ရေနှင့် လေပြင်းအန္တရာယ် ရှိနေနိုင်သေး

အင်အားအလွန့်အလွန်ကောင်းသော မိုခါ ဆိုင်ကလုန်းမုန်တိုင်း၏ ဗဟိုချက်သည် ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ကာ မတူပီ မြို့အနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒမှ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ပေါ်ပြူလာနယူးစ်သို့  ယနေ့ည (၇) နာရီဝန်းကျင်တွင် ပြောသည်။

ယင်းကဲ့သို့ မုန်တိုင်းဗဟိုချက် ဖြတ်ကျော်ဝင်ရောက်သွားပြီဖြစ်သော်လည်း မုန်တိုင်း၏ အဆောက်အအုံတစ်ခုလုံး ဝင်ရောက်ခြင်းမဟုတ်ဘဲ အနောက်ပိုင်းများမှာ ဆက်လက် ဖြတ်ကျော် ဝင်ရောက်နေဆဲ ဖြစ်သည့်အတွက် လေတိုက်နှုန်း တစ်နာရီ မိုင် ၁၀၀ ဝန်းကျင်ဖြင့် ယနေ့ ညပိုင်းအထိ ဆက်လက်တိုက်ခတ်နေဦးမည် ဖြစ်သည့်အပြင် မုန်တိုင်း ဒီရေမှာလည်း ဆက်လက်ဝင်ရောက်နေဦးမည့်အခြေအနေဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“မုန်တိုင်း ဗဟိုချက်တော့ ဖြတ်သွားပြီ။ သို့သော် ဖြတ်ကျော်ဆဲပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နောက်မြီးပိုင်းက ကျန်နေသေးလို့ ဖြတ်ကျော်ဆဲလို့ ပြောရတာ။ မုန်တိုင်း ဗဟိုချက်ကတော့ ကုန်းတွင်းပိုင်းကို ဖြတ်ပြီးတော့ ချင်းနဲ့ ရခိုင်အစပ်နားကို ရောက်နေပြီ ။ မတူပီနား ကိုပေါ့ ” ဟု ဦးလှထွန်းက ပြောသည်။

လက်ရှိတွင် ရခိုင်ကမ်းရိုးတန်းအား မုန်တိုင်း အကြွင်းအကျန်များ ဆက်လက်ဖြတ်ကျော်နေဆဲဖြစ်ပြီး ပင်လယ်ပြင်အတွင်း၌ ရှိနေဆဲ ဖြစ်သည့်အတွက် မုန်တိုင်း ဒီရေ မြင့်တက်မှုအန္တရာယ် ရှိနေနိုင်သေးကြောင်းလည်း ၎င်းကဆိုသည်။

” မုန်တိုင်း ဒီရေက ပင်လယ်လေကို ပင့်တင်မယ့်အပိုင်းက ရှိနေသေးတော့ ဒီရေကတော့ တက်တော့ တက်နေဦးမှာပဲ ။ ဒါပေမဲ့ မုန်တိုင်းစဝင်တဲ့အချိန်လောက်တော့ မဆိုးတော့ ဘူးပေါ့နော်” ဟု ဆိုသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ကုန်းတွင်းပိုင်းသို့ ရောက်ရှိကာ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း တို့အား ဖြတ်ကေကျာ် တိုက်ခိုက်မည် ဖြစ်သည့် အတွက် အဆိုပါ မုန်တိုင်းလမ်းကြောင်းအတွင်းရှိ ဒေသခံများအနေဖြင့်လည်း အထူးဂရုစိုက်နေထိုင်ကြရန် လိုအပ်ပြီး ချောင်းများ မြောင်းများမှ ရုတ်တရက် ရေလျံခြင်း၊ တောင်ကျရေ ရုတ်တရက် စီးဆင်းခြင်းများကို သတိပြု ရှောင်ရှားကြရန်လည်း ၎င်းက သတိပေးထားသည်။

” ကုန်းတွင်းကို မုန်တိုင်း တစ်ခုလုံး ဖြတ်သွားရင်တော့ လေတိုက်နှုန်းက လျော့တော့ လျော့သွားမယ်။ သို့သော်လည်းပဲ အခု ချင်းအစပ် တီးတိန်တို့  မတူပီတို့ နားမှာတော့ လေတိုက်နှုန်းက များနေဦးမယ် ။ ၉၀/ ၁၀၀ လောက်အထိ တိုက်နေဦးမှာပေါ့။ အဲကနေ ဆက်ရွေ့ရင်တော့ ၇၀/၈၀ ပေါ့။ နောက်ထပ်ဆက်သွားရင်တော့ ၄၀/၄၅ လောက်ရှိနေပါ့မယ်။ စစ်ကိုးတို့ မကွေးတို့ကတော့ လေပြင်းနဲ့ ၊ မိုးသည်းထန်စွာရွာတာ၊ မိုးသည်းထန်စွာရွာလို့ ရုတ်တရက် ရေကြီးတာတွေကို အထူးသတိထားရပါမယ်” ဟု ဦးလှထွန်းက သတိပေးသည်။

မိုခါမုန်တိုင်းသည် ယနေ့ မေလ (၁၄) ရက် နံနက်ပိုင်းကစတင်ကာ ရခိုင်ကမ်းရိုးတန်းသို့ စစ်တွေမြို့အတီးမှ အင်အားပြင်းစွာ ဖြတ်ကျော် ဝင်ရောက်နေခြင်း ဖြစ်သည့်အတွက် စစ်တွေမြို့ပေါ်တွင် သစ်ပင်များ လဲပြိုခြင်း ၊ မေအိမ်များ ပြိုလဲခြင်း ၊ ဆက်သွယ်ရေး တာဝါတိုင်များ လဲကျခြင်းများ ဖြစ်ပေါ်နေပြီး မုန်တိုင်း ဒီရေ မြင့်တက်မှုကြောင့် ပြည်သူများ အရေးပေါ်အကူအညီ လိုအပ်လျက်ရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် စစ်တွေမြို့မှာ ဆက်သွယ်ရေးလိုင်းများ၊ လျှပ်စစ်မီးများ၊ အင်တာနက်နှင့် ဖုန်းလိုင်းများ ပြတ်တောက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here