အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ပလက်ဝမြို့အနီးမှ ဆက်လက်ဖြတ်ကျော်နေ

0
259

ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှ ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်နေသည့် အားအလွန့်အလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ အားပျော့ရောက်ရှိကာ ပလက်ဝမြို့အနီးမှ ကုန်းတွင်းပိုင်းသို့ ဆက်လက်ဖြတ်ကျော်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဌာနမှ သိရသည်။

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ချင်းပြည်နယ် ပလက်ဝမြို့အနီးမှ မြောက် – အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး လေတိုက်နှုန်းမှာ တစ်နာရီ မိုင်(၉၀) မှ မိုင်(၁၀၀) ဝန်းကျင်အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။

အဆိုပါ မိုခါ မုန်တိုင်းသည် ချင်းပြည်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့ကို ဖြတ်သန်းကာ ကချင်ပြည်နယ်အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒမှခန့်မှန်းထားပြီး လက်ရှိတွင်အညိုရောင်အဆင့် သတ်မှတ်ထားဆဲ ဖြစ်ကြောင်း သိရသည်။

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် မြောက်- အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက်(၁၂)နာရီအတွင်း ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး(မြောက်ပိုင်း)တို့ကို ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့်လည်းကောင်း၊ နောက် (၂၄) နာရီအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့ကို မုန်တိုင်းငယ် အနေဖြင့်လည်းကောင်း ဆက်လက်ရွေ့လျားနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒကခန့်မှန်းထားသည်။

အဆိုပါ မုန်တိုင်းအရှိန်ကြောင့် ယနေ့ညမှ မေလ (၁၅) ရက်အထိ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊‌ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့ အပြားနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

“မိုခါ” ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက်ရှိ ဒေသများအနေဖြင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့်  ကြိုတင်သတိပြုရှောင်ရှားကြပါရန်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများနှင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို ကြိုတင်သတိပြုနေထိုင်ကြရန်လည်း သတိပေးထားသည်။

ထို့အပြင် မိုခါ ဆိုင်ကလုန်း၏ အရှိန်ကြောင့်မေလ (၁၅) ရက်အထိ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်း အလွန်ကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေ ပြင်လေသည် တစ်နာရီ လျှင် မိုင်(၅၀)မှ မိုင်(၆၀)ခန့်အထိ တိုက်ခတ်နိုင်သည့်အပြင် လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် (၁၀)ပေမှ (၁၄)ပေခန့် ရှိနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here