“မိုခါ”မုန်တိုင်းအပြီးပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းများလုပ်ဆောင်ရန် နစက ဥက္ကဋ္ဌဦးဆောင်၍ အရေးပေါ်အစည်းအဝေးပြုလုပ်

0
347

“မိုခါ”မုန်တိုင်းတိုက်ခတ်ပြီးပါက မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရန် နစက ဥက္ကဋ္ဌဦးဆောင်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအတွက် အရေးပေါ်အစည်းအဝေးအား မေ ၁၅ ရက်(ယနေ့)နံနက်ပိုင်းက ကျင်းပခဲ့သည်။

မုန်တိုင်းဒဏ်သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကြိုတင်စုပုံထားသည့် သွပ်နှင့်ဆောက်လုပ်ရေးသုံးပစ္စည်းများကို လေယာဉ်များ၊ကားများ၊တပ်မတော်စစ်ရေယာဉ်များဖြင့် အမြန်ဆုံးပို့ဆောင်ပေးရန် နစက ဥက္ကဋ္ဌကမှာကြားသည်။

လျှပ်စစ်ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်တည်ဆောက်ရန်၊စားသောက်ဖွယ်ရာများနှင့်လူသုံးကုန်ပစ္စည်းများပို့ဆောင်ပေးရန်၊စားသောက်ဖွယ်ရာများနှင့်လူသုံးကုန်ပစ္စည်းများရောက်ရှိရာတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး စုပုံထားသည့်အချိန်၌ ယာယီတဲများဖြင့် ထားရှိရန်၊မုန်တိုင်းဒဏ်သင့်ဒေသများသို့ ကူညီရေးပစ္စည်းများ ပေးပို့လှူဒါန်းလိုသည့် အလှူရှင်များ လှူဒါန်းနိုင်ရေးဆောင်ရွက်၍ အမြန်ဆုံးပို့ဆောင်ပေးရန်လည်းမှာကြားခဲ့သည်။

“မုန်တိုင်းအန္တရာယ်သတိပေးချက်တွေကို အချိန်နဲ့တပြေးညီထုတ်ပြန်ပေးနိုင်ခဲ့လို့ မုန်တိုင်းတိုက်ခတ်ချိန်မှာ လူ့အသက်အန္တရာယ်ထိခိုက်မှုတွေကို အနည်းဆုံးအခြေအနေနဲ့ ကျော်လွှားနိုင်ခဲ့ပါတယ်” ဟု နစက ဥက္ကဋ္ဌကပြောသည်။

မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေး၊ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ကြိုတင်စုဖွဲ့ထားသည့် ကယ်ဆယ်ရေးအဖွဲ့များကို အမြန်ဆုံးစေလွှတ်ခြင်း၊စားသောက်ဖွယ်ရာများ၊ရေသန့်များ၊လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းကိုအမြန်ဆုံးပို့ဆောင်ပေးရမည်ဟုလည်း မှာကြားခဲ့သည်။

“ဆက်သွယ်မှုတွေပြတ်တောက်ခဲ့တဲ့ဒေသတွေမှာ ဆက်သွယ်မှုကွန်ရက်တွေ ပြန်လည်ကောင်းမွန်စေဖို့ အမြန်ဆုံးပြန်လည်ပြုပြင်ပေးရပါမယ် မုန်တိုင်းဆက်လက်ဖြစ်ပေါ်နေတဲ့ သတင်းအချက်အလက်တွေကိုလည်း အချိန်နဲ့တပြေးညီထုတ်ပြန်ပေးရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ပျက်ဆီးမှုဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးများအား ပြုပြင်ထိန်းသိမ်းရန်လည်းပါဝင်သည်။

နစက ဥက္ကဋ္ဌအား လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများအား စစ်ထောက်ချုပ် ဒု-ဗိုလ် ချုပ်ကြီးကျော်စွာလင်း၊ပြည်ထောင်စုဝန်ကြီးများ ၊ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူးတို့က ကဏ္ဍအလိုက်အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။

မိုးဇလ၏ ယနေ့နံနက် ၇ နာရီထုတ်ပြန်ချက်အရ ဆိုင်ကလုန်းမုန်တိုင်းသည် ချင်းပြည်နယ်၊မတူပီမြို့အနီးမှ ကုန်းတွင်းပိုင်းသို့ ရွေ့လျားဝင်ရောက်ခဲ့သည့် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် မြောက်-အရှေ့ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အားလျော့သွားခဲ့ကာ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ကသာမြို့အနီးမှ မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here