အကျပ်အတည်းများကို ရင်ဆိုင်ကျော်လွှားနေရချိန်တွင် အိန္ဒိယနိုင်ငံ၏ စစ်မှန်သည့်စိတ်သဘောထားများနှင့်ကူညီအားပေးမှုများသည် မြန်မာနိုင်ငံသားများအပေါ် ကြီးမားသည့်ခွန်အားဖြစ်စေခဲ့

0
147

မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသည့် အခက်အခဲအကြပ်အတည်းများအား ရင်ဆိုင်ကျော်လွှားနေရချိန်၌ အိန္ဒိယနိုင်ငံမှ မိတ်ဆွေကောင်း၊အိမ်နီးချင်းကောင်းပီသစွာ စစ်မှန်သည့်စိတ်သဘောထားများ၊ကူညီအားပေးမှုများနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မေ ၁၄ ရက်ညနေပိုင်းက ရန်ကုန်မြို့၌ မြန်မာ- အိန္ဒိယအပြည်ပြည်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့မှ ကြီးမှူးကျင်းပသည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် သံတမန်ဆက်ဆံခြင်း(၇၅)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်စဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

အင်အားကြီးနိုင်ငံများ၏ ဖိအားပေးအကြပ်ကိုင်မှုများ၊အပြစ်ရှာဝေဖန်တိုက်ခိုက်မှုများ၊ပိတ်ဆို့အရေးယူမှုများကြောင့် အခက်အခဲများ၊အကျပ်အတည်းများကို ရင်ဆိုင်ကျော်လွှားနေချိန်တွင် အိန္ဒိယနိုင်ငံ၏ မိတ်ဆွေကောင်း၊အိမ်နီးချင်းကောင်းပီသစွာ စစ်မှန်သည့်စိတ်သဘောထားများနှင့်ကူညီအားပေးမှုများသည် မြန်မာနိုင်ငံသားများအပေါ် ကြီးမားသည့်ခွန်အားဖြစ်စေခဲ့သည်ဟုဆိုသည်။

ထို့ကြောင့် အပြုသဘောဆောင်အားပေးထောက်ခံကာ ကူညီရပ်တည်ပေးခဲ့သည့် အိန္ဒိယနိုင်ငံအား မြန်မာနိုင်ငံသားများကိုယ်စား အထူးပင်အသိအမှတ်ပြုကျေးဇူးတင်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် ချစ်ကြည်ရင်း နှီးမှု၊ကောင်းမွန်သည့် ဆက်ဆံပေါင်းသင်းမှုများဖြင့် ၁၉၅၅ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ၊ဘန်ဒေါင်းမြို့၌ကျင်းပခဲ့သည့် ဘန်ဒေါင်းညီလာခံတွင် လက်မှတ်ရေးထိုးခဲ့သည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်နှင့်အညီ တစ်နိုင်ငံ၏ အချုပ် အခြာအာဏာကို တစ်နိုင်ငံကလေးစားပြီး အိမ်နီးချင်းကောင်း၊မိတ်ဆွေကောင်းပီသစွာ ဆက်ဆံခဲ့ကြသည်ဟု ဆိုသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအတွင်း အိန္ဒိယနိုင်ငံက လက်နက်အကူအညီပေးခဲ့မှုများ၊ ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံအား ကူမင်တန်များကျူးကျော်ခဲ့စဉ် အိန္ဒိယဝန်ကြီးချုပ်နေရူးမှ မြန်မာနိုင်ငံဘက်က အပြည့်အဝရပ်တည်ပေးခဲ့မှုများ၊ကူမင်တန်ကျူးကျော်မှုကို ကုလသမဂ္ဂသို့ ကန့်ကွက်စာတင်ခဲ့စဉ် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံဘက်မှ အားတက်သရော ထောက်ခံပေးခဲ့မှုများသည် မေ့ပျောက်၍မရနိုင်သည့် ကျေးဇူးတရားများဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် ၂၀၁၆ ခုနှစ်တွင် ငလျင်ဒဏ်ခံခဲ့ရသည့် ပုဂံဘုရားများကို ပြုပြင်ရာတွင် အိန္ဒိယအစိုးရကလှူဒါန်းမှုများပြုလုပ်ခဲ့ပြီး ကိုဗစ်(၁၉)ရောဂါကာကွယ်ရေးအတွက် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး Covishield (၁၃ ဒသမ ၄)သန်းကို ရောင်းချပေးသည့်အပြင် Sasakawa ဖောင်ဒေးရှင်းက Covaxin (၂)သန်းနှင့်အိန္ဒိယအစိုးရက Covaxin (၁)သန်းတို့ကို မိတ်ဆွေကောင်းပီသစွာ ပေးအပ်လှူဒါန်းခဲ့၍ အထူးကျေးဇူးတင်သည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံ၏ “အိမ်နီးချင်း ဦးစားပေးမူဝါဒ”တို့ကိုအခြေခံလုပ်ဆောင်မှုများကြောင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြား နိုင်ငံရေး၊စီးပွားရေး၊ကူးသန်း ရောင်းဝယ်ရေး၊ယဉ်ကျေးမှု၊လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများ သည် နှစ်ဘက်နိုင်ငံများအတွက် ထိရောက်ကောင်းမွန်အကျိုးဖြစ်ထွန်းစေသည့် ရလဒ်များရရှိစေခဲ့၍ ဝမ်းမြောက်ပီတိဖြစ်ရသည်ဟု ဆို သည်။

မြန်မာနိုင်ငံတွင် ၁၉၅၄ ခုနှစ် စီးပွားရေးအကျပ် အတည်းများနှင့်ရင်ဆိုင်ခဲ့ရစဉ် အိန္ဒိယနိုင်ငံမှ မိတ်ဆွေကောင်းပီသစွာ ဆန်တန်ချိန်(၉)သိန်း ရောင်းချပေးခဲ့ခြင်းအား မြန်မာလူမျိုးများရင်ထဲတွင် အမြဲအမှတ်တရရှိနေကြောင်းလည်းပါဝင်သည်။

ယခုအခါ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ ပဉ္စမမြောက်အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ၊ပို့ကုန်တင်ပို့မှုတွင် စတုတ္ထမြောက်နှင့်သွင်းကုန်တင်သွင်းမှုမှာ ဆဋ္ဌမမြောက်အများဆုံးနိုင်ငံဖြစ်ကာ မြန်မာ နိုင်ငံက ပဲနှင့်အခြားထွက်ကုန်များကို အိန္ဒိယကို တင်ပို့နေပြီး အိန္ဒိယနိုင်ငံမှလည်း မြန်မာနိုင်ငံကိုဆေးဝါးနှင့်စက်မှုပစ္စည်းများတင်သွင်းမှုအပြင် နည်းပညာအထောက်အပံ့များလည်း ပေးအပ်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here