မုန်တိုင်းကြောင့် စစ်တွေမြို့နှင့် အနီးတဝိုက်ကျေးရွာများတွင် သေဆုံးသူများ ရှိလာပြီး စစ်တွေ တစ်မြို့လုံးနီးပါးထိခိုက်သွား

0
238

ယမန်နေ့ မေလ (၁၄) ရက်က တိုက်ခတ်ခဲ့သည့် အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် စစ်တွေမြို့ပေါ်တွင် သေဆုံးသူ အနည်းဆုံး (၃) ဦးအထိ ရှိပြီး စစ်တွေမြို့ အနီးဝန်းကျင် ကျေးရွာများတွင် သေဆုံးသူများရှိကြောင်း လတ်တလောရရှိသည့် အချက်အလက်များကို ကိုးကား၍ ဒေသခံများက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယနေ့ နေ့လယ် (၁) နာရီအချိန် စစ်တွေမြို့ခံတစ်ဦးနှင့်ပေါ် ပြူလာနယူးစ်၏ ဆက်သွယ်မေးမြန်းမှုအရ စစ်တွေမြို့ အာကျိတ်တော်ကုန်းပေါ်ရှိ အဓိဌာန်ကျောင်းတွင် မှန်များ ကွဲပျက်ပြိုကျရာမှ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး စစ်တွေမြို့အတွင်း၌လည်း သွပ်ပြားမှန်ခြင်း ၊ သစ်ပင်နှင့် သစ်ကိုင်းပိ၍ အနည်းဆုံး (၂) ဦး သေဆုံးခဲ့ကြော င်း သိရသည်။

” သွပ်ပြားထိတာတို့ သစ်ပင်ပိတာတို့ပေါ့ဗျာ။ လေထဲမှာ ပျံလာတာလေ။ အမိုးသွားပြင်ရင်းနဲ့ လူပါပါသွားတာပေါ့ ။အဲဒါမျိုး အသေအပျောက်တွေ ရှိတယ်။ နှစ်ယောက် သုံးယောက်လောက်ပေါ့” ဟု ၎င်းက ပြောသည်။

ယမန်နေ့က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းကြောင့် စစ်တွေ တစ်မြို့လုံးနီးပါး ထိသွားပြီး ရာခိုင်နှုန်းအားဖြင့် ၉၉ ရာခိုင်နှုန်းလောက် ပျက်စီးခဲ့ကြောင်းစစ်တွေမြို့မှ သတင်းရင်းမြစ်က ပြောသည်။

မုန်တိုင်းဖြတ်သန်းချိန် မုန်တိုင်း ဒီရေဝင်ရောက်မှုကြောင့် စစ်တွေမြို့နှင့် အနီးဝန်းကျင်ကျေးရွာများတွင်လည်း ရေနစ်မြုပ်ကာ လူသေဆုံးမှုများရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

စစ်တွေမြို့ အနောက်စံပြ ရပ်ကွက်နှင့် အနီးစပ်ဆုံးနေပါဝင်သည့် အနိမ့်ပိုင်း ကျေးရွာများနှင့် စစ်တွေမြို့နယ်အတွင်းရှိ အုန်တောကြီးကျေးရွာတွင် ဒေသခံ ဆယ်နှင့်ချီ သေဆုံးခဲ့ကြောင်း ပေါ်ပြူလာနယူးစ်၏ သတင်းရင်းမြစ်က ပြောကြားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

စစ်တွေမြို့ဒေသခံ ဦးအောင်သန်းဝေက ပေါ်ပြူလာနယူးစ်သို့ ယ​​နေ့နေ့လယ် (၁) နာရီခွဲဝန်းကျင် ပြောကြားချက်အရ စစ်တွေမြို့ပေါ် (၃၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၀) လုံး အားလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ပြီး အစိုးရရုံးအပါအဝင် ဌာနဆိုင်ရာ အဆောက်အဦများပါ ပျက်စီးခဲ့ကြောင်း သိရသည်။

” စစ်တွေမြို့က လုံးဝမြို့ပျက်ကြီးလို ဖြစ်သွားတာပေါ့။  ပြည်ထောင်စု အစိုးရအဆင့်လောက်နဲ့ မရတော့ဘူး။ နိုင်ငံတကာ အကူအညီမပါရင် ပြန်လည်ထူထောင်ရေးက မလွယ်လောက်ဘူးဗျ။ ‌စစ်တွေမြို့မှာ ရပ်ကွက်ပေါင်း (၃၃) ရပ်ကွက်၊ ကျေးရွာ (၃၀) ပေါ့နော် ၊အဲဒါ မပျက်စီးတဲ့ နေရာကို မရှိလောက်ဘူး။ မြို့ပေါ်မှာ မပျက်စီးတဲ့အိမ်ကို မရှိဘူး။ အနည်းနဲ့အများ အကုန်ပျက်စီးတယ်” ဟု ၎င်းက ဆိုသည်။

အစိုးရက ကနဦး စစ်ဆေးတွေ့ရှိမှုများကို အခြေခံကာ ထုတ်ပြန်လာသည့် စာရင်းအချက်အလက်များအရ မုန်တိုင်းကြောင့် သေဆုံးသူ (၃) ဦး ရှိပြီး လူနေအိမ် (၈၆၄) လုံး၊ သာသနိကအဆောက်အဦ (၁၁) လုံး ၊ ဘုန်းတော်ကြီးကျောင်း (၁၆) ကျောင်း၊ စာသင်ကျောင်း (၆၄) ကျောင်း၊ ဆေးရုံဆေးခန်း (၁၄) ခု၊ ဆက်သွယ်ရေး တာဝါတိုင် (၇) ခု၊ လမ်းမီးတိုင် (၇၁) တိုင်၊ ဌာနဆိုင်ရာ အဆောက်အဦ (၃၈) လုံးပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မြေပြင် သတင်းအချက်အလက်များအရ အဆိုပါ အရေအတွက်များထက် ပိုမိုများပြားနေနိုင်ပြီး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေခြင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသည့်အတွက် အသေးစိတ် စာရင်းအချက်အလက်များ သတင်းအချက်အလက်များကို အတည်ပြုရန် ခက်ခဲနေဆဲပင်ဖြစ်သည်။

လက်ရှိတွင် စစ်တွေမြို့ အစိုးရရုံး အနီးတဝိုက် ပေ ၅၀ ပတ်ဝန်းတွင်သာ ဖုန်းလိုင်းမိနေပြီး အခြားနေရာများတွင် ပြတ်တောက်နေဆဲ အခြေအနေဖြစ်ကြောင်း သိရသည်။

” အဲနား ပေ (၅၀) ပတ်လည်လောက်ပဲ ဖုန်းပြောလို့ရတာ။ အင်တာနက်တွေ ဘာတွေ မရဘူး”  ဟု ဦးအောင်သန်းဝေက ပြောသည်။

မိုခါ ဆိုင်ကလုန်းသည် စစ်တွေမြို့အနီးမှ တစ်နာရီ ပေ ၁၂၅ မိုင်အထက်ဖြင့် တိုက်ခတ်ခဲ့ခြင်း ဖြစ်ပြီး ချင်းပြည်နယ် ၊ မကွေး၊ စစ်ကိုင်း ၊ ရှမ်းနှင့် ကချင်ပြည်နယ်တို့ကို ဖြတ်ကျော် ဝင်ရောက်ကာ အားပျော့ ပျက်ပြယ်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here