မုန်တိုင်းဒဏ်ခံဒေသတွင် အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေးနှင့်မွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌဆို

0
568

နစက ဥက္ကဋ္ဌမှ မေ ၁၅ ရက်မွန်းလွဲပိုင်းက “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည့် ရခိုင်ပြည်နယ်၊စစ်တွေမြို့သို့ သွားရောက်၍ အရေးပေါ်စီမံခန့်ခွဲခြင်း၊တုံ့ပြန်ခြင်း၊ကယ်ဆယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ပြန်လည် ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များပေးအပ်နိုင်ရေးတို့နှင့်ပတ်သက်၍ ကြည့်ရှုစစ်ဆေးစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

အစားအသောက်နှင့်ပတ်သက်၍ စည်သွပ်ဘူးများ၊အသင့်စားအစားအစာများ ကြိုတင်ပြင်ဆင်ထားသော်လည်း စိုက်ပျိုး၍ရသည့်နေရာများတွင် အမြန်ဆုံးပြန်လည် စိုက်ပျိုးရန်နှင့်မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

“ကြက်ဥတွေကိုလည်း အမြန်ဆုံးပေးပို့သွားမှာပါ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ပြီး လူများထိခိုက်မှုအနည်းဆုံးဖြစ်ခဲ့တာဟာ အဆိုးထဲက အကောင်းလို့မှတ်ယူရမှာပါ၊ ကြံကြံခံကျော်ဖြတ်နိုင်ဖို့ စီမံဆောင်ရွက်ရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ရေတွင်းရေကန်များသန့်ရှင်းမှုရှိစေရန် ရေသန့်ဆေးများကို လိုက်လံခပ်ပေးရမည်ဖြစ်ကာ ရေတွင်းပတ်ဝန်းကျင်များကို ဦးစွာသန့်ရှင်းရေးပြုလုပ်ရမည်ဖြစ်ပြီး ရေတွင်းများအနီးရှိ ရေဆိုးရေညစ်များ၊အညစ်အကြေးများကို အမြန်ဆုံး ရှင်းလင်းရန် မှာကြားခဲ့သည်။

“ရေတွင်းတွေနားက ရေဆိုးရေညစ်တွေ အညစ်အကြေးတွေကို အချိန်မီရှင်းလင်းခြင်းမရှိရင် ဝမ်းပျက်ဝမ်းလျှောရောဂါတွေအပြင် တခြား ရောဂါဘယတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်” ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် အရေးပေါ်ရန်ပုံငွေသို့လှူဒါန်းနိုင်ရန် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်အား သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာချက်ထုတ်ပြန်ထားပြီးဖြစ်သည်ဟု ဆိုသည်။

နစက ဥက္ကဋ္ဌမှ ရခိုင်ပြည်နယ်၊စစ်တွေမြို့သို့ရောက်ရှိစဥ် စစ်တွေလေဆိပ်မှတဆင့် စစ်တွေမြို့အတွင်း ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများကို လှည့်လည်ကြည့်ရှုခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းမကျရောက်မီကပင် စစ်တွေ၊မြောက်ဦး၊မောင်တော၊ကျောက်ဖြူ၊သံတွဲ၊တောင်ကုတ်နှင့်အမ်းမြို့များရှိ သဘာဝဘေးဒဏ်ခိုလုံရာ Shelter များသို့ ဒေသခံ ၂၃၇၀၀ ဦးကိုပြောင်းရွှေ့ပေးနိုင်ခဲ့ကာ အခြားဘေးလွတ်ရာနေရာများသို့ ၆၂၆၈၄၉ ဦးကို ပြောင်းရွှေ့ပေးနိုင်ခဲ့သည်။

ထို့ပြင် IDP စခန်းများတွင်ရောက်ရှိနေသူများအနက် ၆၂၃၁၉ ဦးအား ဘေးလွတ်ရာရွှေ့ပြောင်းပေးနိုင်ခဲ့ကာ မုန်တိုင်းစတင်ဝင်ရောက်သည့် မေ ၁၄ ရက်နံနက် ၁၀ နာရီခွဲတွင် တစ်နာရီလေတိုက်နှုန်း ၆၀ မိုင်ရှိခဲ့ပြီး နေ့လည် ၁ နာရီခွဲမှ ၃ နာရီခွဲအထိ တစ်နာရီလေတိုက်နှုန်းမှာ ၁၂၀ မိုင်အထိရှိခဲ့၍ အပြင်းဆုံးလေတိုက်ခတ်နှုန်းအထိ ရောက်ရှိခဲ့သည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း လူနေအိမ်များ၊ရုံးအဆောက်အဦများ၊သာသနိကအဆောက်အဦများ အမိုးလန်ပျက်စီးခြင်းနှင့်ပြိုကျပျက်စီးခြင်း၊ရုပ်သံထပ်ဆင့်လွှင့်တာဝါတိုင်နှင့်ဆက်သွယ်ရေးတာဝါတိုင်အချို့ ပြိုကျ ပျက်စီးခဲ့ပြီး မေ ၁၄ ရက်အထိ သေဆုံးသူ ၂ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၂၈ ဦးရှိခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here