ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော် (ရေ)မှ စစ်ရေယာဉ်များဖြင့်ပို့ဆောင်

0
430

အလွန့်အလွန်အားကောင်းသော “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည့် ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများပေးပို့လျက်ရှိသည်။

ထိုသို့ ပေးပို့ရာ၌ တပ်မတော်(လေ)မှစစ်လေယာဥ်များ၊တပ်မတော်(ရေ)မှစစ်ရေယာဥ်များဖြင့်ပို့ ဆောင်လျက်ရှိရာ မေ ၁၅ ရက်နံနက်ပိုင်းက လိုအပ်သည့်ထောက်ပံ့ရေးပစ္စည်းများအား စစ်ရေယာဉ်(၅၅၄)ဖြင့် ထပ်မံပို့ဆောင်ပေးခဲ့ကြသည်။

ကြက်ဥ ၅၀၀၀ လုံး၊ကြက်သား ၅၀၀ ပိဿာခန့်၊ခေါက်ဆွဲခြောက် ၁၀၀ ဖာနှင့် ၁ လီတာရေသန့် ၆၀၀ ကတ်နှင့်ကူညီကယ်ဆယ်ရေးဆောင်ရွက်မည့်အဖွဲ့များနှင့်အတူ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

စစ်ရေယာဥ်(၅၅၄)သည် ယင်းနေ့နံနက် ၉ နာရီခွဲတွင် အမှတ်(၆)ရေတပ်ဆိပ်ခံတံတား(ကျောက်ဖြူမြို့)မှထွက်ခွာခဲ့ရာ အမှတ်(၁၄)ရေတပ်ဆိပ်ခံတံတား(စစ်တွေမြို့)သို့ နေ့လည် ၃ နာရီခွဲတွင်ရောက်ရှိခဲ့ပြီး သယ်ဆောင်လာသည့် ကြက်ဥ၊ကြက်သား၊ခေါက်ဆွဲခြောက်နှင့်ရေသန့်ဘူးများအား မုန်တိုင်းဒဏ်သင့်ပြည်သူများထံ ပေးဝေခဲ့ကြပြီး ရသေ့တောင်ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူ များအတွက် ထောက်ပံ့ရေးပစ္စည်းများကိုလည်း ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ရေယာဉ်(မုတ္တမ)သည် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ၅ ဦးစာ ရိက္ခာထုတ် ၆၀၀၀ ထုတ်၊လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်အိတ် ၁၂၀၀၀ အိတ်၊တာပေါ်လင်လိတ် ၁၀၀၀ လိတ်၊ နစက ဥက္ကဋ္ဌရုံးမှ ဆန် ၅ ပြည်ဝင်အိတ် ၁၀၀၀၀ အိတ်၊မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် အိမ်ရိုက်သံ ၃၅ တန်၊ သွပ် ၄၀၀၀၀ ချပ်၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ MPT Mobile ကား ၁ စီး၊ဆက်သွယ်ရေးတာဝါတိုင်နှင့်ဆက်စပ်ပစ္စည်း ၁၇ တန်၊ စုစုပေါင်း ၁၀၁၉ တန်ခန့်နှင့်ကူညီကယ်ဆယ်ရေးဆောင်ရွက်မည့်အဖွဲ့များအားတင်ဆောင်၍ ဗိုလ်အောင်ကျော်ဆိပ်ကမ်းမှ မေ ၁၆ ရက်(ယနေ့)နံနက်ပိုင်းတွင် စစ်တွေမြို့သို့ ထွက်ခွာမည်ဖြစ်သည်။

စစ်ရေယာဉ်(မဟာဗန္ဓုလ)မှလည်း ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ)မှ ခေါက်ဆွဲခြောက် ၁၁၃ ဖာ၊ဓာတ်ဆားထုတ် ၈၈၀၀ ထုတ်၊ကြက်ဥ ၅၀၀၀ လုံး၊ရေသန့်နှင့် အသား/ငါးများ၊ငါးပိ ၁၀၀ ပိဿာ၊ငါးခြောက် ၈၀၀ ပိဿာ၊ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ကြက်ဥ ၁၀၀၀၀ လုံး၊လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်အိတ် ၅၀၀ အိတ်နှင့်ကူညီကယ်ဆယ်ရေးဆောင်ရွက်မည့်အဖွဲ့များအားတင်ဆောင်၍ အ မှတ်(၄)ရေတပ်ဆိပ်ခံတံတားမှတဆင့် စစ်တွေမြို့သို့ ယနေ့နံနက်ပိုင်း၌ထွက်ခွာမည်ဖြစ်သည်။

ထို့အတူ တပ်မတော်(ရေ)မှစစ်ရေယာဉ်များဖြင့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လိုအပ်သည့် ကူညီထောက်ပံ့ရေးပစ္စည်းများအားတင်ဆောင်၍ ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့်မြို့များနှင့်ကျေးရွာများသို့ ဆက်လက်ပို့ဆောင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here