စူပါ ဆိုင်ကလုန်း မိုခါကြောင့် ရသေ့တောင်မြို့နယ်တွင် သေဆုံးသူ (၁၃) ဦးရှိကြောင်း ကနဦးသတင်းထွက်

0
132

မေလ (၁၄) ရက် နေ့လယ်ပိုင်းက ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ စူပါဆိုင်ကလုန်း မို‌ခါဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် သေဆုံးသူများရှိကြောင်း ဒေသခံများနှင့် ရခိုင်အခြေစိုက် သတင်းရင်းမြစ်များထံမှ သိရသည်။

ယင်းသို့ သေဆုံးမှုများရှိနေရာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းမှ ဒုံးပိုက်ကျေးရွာတွင် သေဆုံးသူ (၁၃) ဦး ရှိကြောင်း ရသေ့တောင်မြို့နယ် အမတ်ဟောင်း ဒေါ်ခင်စောဝေက လူမှုကွန်ရက်မှတဆင့် မျှဝေထားသည်။

ရသေ့တောင်မြို့နယ် ၊ ဒုံးပိုက်ကျေးရွာရှိ မုန်တိုင်းရှောင်များ ရှိနေသည့် ဓမ္မာရုံတစ်ခု ပြိုကျရာမှ အမျိုးသား (၄) ဦးနှင့် အမျိုးသမီး (၉) ဦး စုစုပေါင်း (၁၃) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူများထဲတွင် အသက် (၇) အရွယ် အမျိုးသမီးငယ်တစ်ဦးလည်း ပါဝင်ကြောင်း ဒေါ်ခင်စောဝေ၏ မျှဝေမှုမှတဆင့် သိရသည်။

ရသေ့တောင်မြို့နယ်သည် မိုခါဆိုင်ကလုန်းဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရသည့် မြို့နယ်များထဲတွင် ပါဝင်နေပြီး ရသေ့တောင်မြို့သည် မုန်တိုင်းကြောင့် ၁၀၀ ရာခိုင်နှုန်း ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

သေဆုံးသူများနှင့် ပတ်သက်သည့် အသေးစိတ်သတင်းအချက်အလက်များ သိရှိနိုင်ရန် ယုံကြည်ရသည့် သတင်းရင်းမြစ်တစ်ဦးထံ ပေါ်ပြူလာနယူးစ်က ယမန်‌နေ့ည (၉) နာရီဝန်းကျင်အချိန်က တယ်လီဖုန်းဖြင့် ဆက်သွယ်နိုင်ရန် ကြိုးစားခဲ့သော်လည်း တယ်လီဖုန်းလိုင်းများ ပြတ်တောက်နေသည့်အတွက် ဆက်သွယ်၍ မရခဲ့ပေ။

ပေါ်ပြူလာနယူးစ်က ယမန်‌နေ့ နေ့လယ် (၂) နာရီဝန်းကျင်က ဒေသခံများထံမှ စုံစမ်းသိရှိရသည့် အချက်အလက်များအရ စစ်တွေမြို့ပေါ်တွင်လည်း သေဆုံးသူ (၃) ဦးထက်မနည်း ရှိနိုင်ပြီး စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်း သေဆုံးသူ ဆယ်နှင့်ချီ ရှိကြောင်း သိရသည်။

အဆိုပါ သတင်းအချက်အလက်များမှာ ပေါ်ပြူလာနယူးစ်၏ ယုံကြည်စိတ်ချရသည့် စစ်တွေမြို့ခံ သတင်းရင်းမြစ်က ပြောကြားသည့်အချက်အလက်များ ဖြစ်သော်လည်း အသေးစိတ်အချက်အလက်နှင့် တိကျခိုင်မာသည့်သတင်းအချက်အလက်များကို ပေါ်ပြူလာနယူးစ်က ဆက်လက်စုံစမ်းနေဆဲသာဖြစ်ပြီး ထပ်မံရရှိသည့် မြေပြင်သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ဆက်လက်ဖော်ပြပေးသွားပါမည်။

ဓာတ်ပုံ – CJ

ပုံစာ – မုန်တိုင်းကြောင့် ပျက်စီးခဲ့ရသည့် ရသေ့တောင်မြို့ အ.ထ.က ကျောင်းအား မြင်တွေ့ရပုံ


LEAVE A REPLY

Please enter your comment!
Please enter your name here