စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေး တစ်ပိဿာ ၄၄၂၀ သတ်မှတ်

0
231

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ ယခုတစ်ပါတ်အတွက် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၄၄၂၀ ကျပ် အဖြစ် ရည်ညွှန်းသတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ ဈေးနှုန်းမှာ မေလ (၁၅) ရက်မှ မေ (၂၁) ရက်အထိ ရောင်းချရမည့် ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေးဖြစ်ပြီး ပြီးခဲ့သည့်တစ်ပါတ်တွင် ၄၅၀၀ သတ်မှတ်ခဲ့သည့်အတွက် အနည်းငယ် ဈေးကျလာခြင်း ဖြစ်သည်။

အစိုးရ၏ စားအုန်းရည်ညွှန်း ဈေးနှုန်းမှာ ဈေးကျလာသော်လည်း လက်ရှိ ပြင်ပဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာ ၆၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်ဝန်းကျင် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

စားအုန်းဆီလက်ကား ရည်ညွှန်းဈေးနှုန်းကို ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုတွေနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်နေပြီး စားအုန်းဆီ အဓိကတင်ပိုနေသည့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ဈေးနှုန်း၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်၊ ဘဏ်စရိတ်၊ အခွန်အခများကို ထည့်သွင်းတွက်ချက်ပြီး ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်ထဲ၌ စားအုန်းဆီကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here