ရခိုင်တွင် လေပြင်းတိုက်၍ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ဟု မိုး/ဇလ သတိပေး

0
270

ရခိုင်ပြည်နယ်တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး အဆိုပါ မိုးတိမ်တောင်များ ဖြစ်ထွန်းရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ယနေ့ မေလ (၁၆) ရက်နေ့ နံနက်ပိုင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်အရ ယင်းကဲ့သို့ ဖြစ်ပေါ်နိုင်ကြောင်း သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

ထို့အပြင် အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသများကို နောက် (၂) ရက်အတွင်း ဝင်ရောက်နိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ (၁၄) ရက်တွင် အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းကို ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ရာ စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အချို့တွင် အပျက်အစီးများပြားခဲ့ပြီး လူသေဆုံးမှုနှင့် ပျောက်ဆုံးမှုများ ရှိနေကြောင်း ဒေသခံများထံမှ ရရှိသည့်သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here