ကွဒ် ထိပ်သီးအစည်းအဝေး ဖျက်သိမ်းလိုက်ရ

0
243

ဩစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်သည် ဩဇီခရီးစဉ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဖျက်သိမ်းခဲ့ပြီးနောက် ဆစ်ဒ်နီရှိ ကွဒ် (Quad) ထိပ်သီးအစည်းအဝေးအား ကျင်းပတော့မည် မဟုတ်ကြောင်း အတည်ပြုခဲ့သည်။

ဘိုင်ဒင်သည် ၎င်းအစိုးရမှ ရယူထားနိုင်သည့် ကြွေးမြီးပမာဏနှင့် ပတ်သက်၍ ရီပဗ္ဗလစ်ကန် ပါတီဝင်များ ကြီးစိုးနေသော အမေရိကန် ကွန်ဂရက်လွှတ်တော်နှင့် အရေးတကြီး ဆွေးနွေးညှိနှိုင်းရမည်ဖြစ်သောကြောင့် ဩဇီခရီးစဉ်ကို ဖျက်သိမ်းခဲ့ပုံရသည်။

အယ်လ်ဘာနီးစ်သည် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းအထိ ကွဒ်အစည်းအဝေးကို ဘိုင်ဒင် မပါဝင်နိုင်သော်လည်း အိန္ဒိယ၊ ဂျပန်တို့မှ ခေါင်းဆောင်များနှင့် အမေရိကမှ အကြီးတန်း ကိုယ်စားလှယ်တစ်ဦး တို့နှင့်အတူ ကျင်းပသွားမည်ဟု ရည်မှန်းထားသော်လည်း နောက်ပိုင်းတွင် ဖျက်သိမ်းခဲ့ရသည်။

ထိုအစည်းအဝေး အစား ယခုအပတ် စနေ၊ တနင်္ဂနွေနေ့များ၌ ဂျပန်နိုင်ငံ၊ ဟီယိုရှီးမားတွင် ကျင်းပသွားမည့် G7 ထိပ်သီးအစည်းအဝေး၏ ပြင်ပ၌ ခေါင်းဆောင် လေးဦးသား တွေ့ဆုံသွားရန် စီစဉ်နေသည်။

ထိုကိစ္စနှင့် ပတ်သက်၍ အယ်လ်ဘာနီးစ်က “ကွဒ်ဟာ အရေးကြီးတဲ့ အစုအဖွဲ့တစ်ခုဖြစ်တဲ့အတွက် ခေါင်းဆောင်အဆင့် အစည်းအဝေးရှိလာဖို့ သေချာအောင် လုပ်ရပါမယ်။ ဒါကြောင့် ဒီအပတ် ရုံးပိတ်ရက်တွေမှာ တွေ့ဆုံဆွေးနွေးတာတွေ လုပ်သွားမယ်” ဟု ပြောလာခဲ့သည်။

ကွဒ် အုပ်စုသည် အင်ဒို-ပစိဖိတ် ဒေသ၌ တရုတ်၏ ဩဇာအာဏာ ကြီးထွားလာမှုကို တန်ပြန်ရန်အတွက် ကမ္ဘာ့အင်အားကြီး လေးနိုင်ငံဖြစ်သော အမေရိက၊ ဩစတြေးလျ၊ အိန္ဒိယနှင့် ဂျပန် တို့ဖြင့် ဖွဲ့စည်းထားသော အုပ်စုဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here