စီးတီးတက္ကစီယာဉ်များတွင် မီတာတပ်ဆင်ရန် အတည်ပြုချက် မရသေးဟု YRTC ပြော

0
136

စီးတီးတက္ကစီယာဉ်များတွင် မီတာတပ်ဆင်၍ နှုန်းထားသတ်မှတ်နိုင်ရေးကို ပြီးခဲ့သည့် မတ်လတွင် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း အတည်ပြုချက် မရသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်ကပြောသည်။

YBS ယာဉ်လိုင်းများတွင် တယ်လီမက်တစ်စနစ်တပ်ဆင်၍ စောင့်ကြည့်အရေးယူမှုများရှိနေသလို တက္ကစီယာဉ်များတွင်လည်း အဆိုပါစနစ်တပ်ဆင်၍ စောင့်ကြည့်ရန် ရှိမရှိကို မေးမြန်းရာတွင် ၎င်းကအထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ အဲဒါက ကုန်ကျစရိတ်များတယ်။ အစက တက္ကစီတွေမှာ မီတာတပ်ဖို့ရှိတယ်။ ယာဉ်စီးခသတ်မှတ်ဖို့ တင်ပြထားတာတွေရှိတယ်။အတည်ပြုချက်မရသေးဘူး။ ယာဉ်ပိုင်ရှင်အပေါ်မှာပဲ မူတည်တယ်။ ကုန်ကျစရိတ်တွေတက်လာမယ်ပေါ့။ လတ်တလော တက္ကစီသမားတွေကြုံတွေ့နေရတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး တက္ကစီသမားတွေအနေနဲ့ သတိပြုဖို့လိုပါတယ်”ဟု ၎င်းကပြောသည်။

ကနဦးတွင် တက္ကစီယာဉ်များ၌ မီတာတပ်ဆင်ရာတွင် အစပျိုးစမ်းသပ်ကာလ(pilot Project) အနေဖြင့် ယာဉ်အစီး ၅၀၀ အား စတင်တပ်ဆင်နိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၏ ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး နည်းဥပဒေ( ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၈ ရက်) (၂၈)(င) တွင် ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်များ ကြီးကြပ်မှုကော်မတီသည် အငှားယာဉ် Taxi များအားလုံး မီတာဖြင့်အသုံးပြုနိုင်ရေး ၊ ခေတ်မီနည်းစနစ်များ တပ်ဆင်အသုံးပြုနိုင်ရေး အောင်မြင်အောင် ဆောင်ရွက်ရမည်ဟု ဖော်ပြထားပြီး နည်းဥပဒေ(၂၈)(ည)တွင်လည်း အငှါးယာဉ် Taxi များ၏ ငှားရမ်းခနှုန်းထားများ ၊ မီတာနှုန်းများသတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းတို့ကို တိုင်းဒေသကြီးမော်တော်ယာဉ်များ ကြီးကြပ်မှုကော်မတီသို့ တင်ပြသတ်မှတ်ရမည်ဟု ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ပြေးဆွဲနေသည့်တက္ကစီအစီးရေမှာ ၆၅၀၀၀ ကျော်ရှိပြီး ယင်းတွင် စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေမှာ ၂၁၈၂၄ စီးရှိပြီး ကျန်ရှိနေသည့် ၄၃၈၃၉ စီးကို စစ်ဆေးအရေးယူနိုင်ရန်အတွက် အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ ညွှန်ကြားမှုပြုပေးနိုင်ရန် တင်ပြထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here