ယူကရိန်းဂျုံတင်ပို့မှုသဘောတူညီချက် နှစ်လသက်တမ်းတိုး

0
224

အစ္စတန်ဘူလ်၊မေ ၁၈

ပင်လယ်နက်ဆိပ်ကမ်းများမှတစ်ဆင့် ကမ္ဘာ့ဈေးကွက်သို့ ယူကရိန်းဂျုံတင်ပို့မှုသဘောတူညီချက်အား အစောပိုင်း၌ရပ်ဆိုင်းမလိုဖြစ်ခဲ့သော်ငြားလည်း ယခုအခါနှစ်လထပ်မံသက်တမ်းတိုးလိုက်ကြောင်း တုကီယေးသမ္မတအာဒိုဂန်က မေ ၁၇ ရက်ကပြောကြားခဲ့သည်။

သမ္မတအာဒိုဂန်သည် ယခုကြေငြာချက်အား ပင်လယ်နက်သဘောတူညီချက် သက်တမ်းမကုန်မီတစ်ရက်အလို၌ ကြေငြာခဲ့ခြင်းဖြစ်သည်။ယခုကဲ့သို့ သက်တမ်းတိုးခြင်းနှင့်ပတ်သက်၍ ရုရှားသမ္မတ၊ယူကရိန်းသမ္မတနှင့် ကုလအကြီးအကဲမစ္စတာဂူတာရက်စ်တို့အား ကျေးဇူးတင်ကြောင်းလည်း၎င်းကပြောကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံရဲ့ကြိုးပမ်းမှု၊ရုရှားရဲ့ထောက်ပံ့ပေးမှု၊ယူကရိန်းရဲ့ ပူးပေါင်းပါဝင်ပေးမှုတွေကြောင့် အခုဆို ပင်လယ်နက်ဂျုံတင်ပို့မှုသဘောတူညီချက်ကို နှစ်လထပ်ပြီးသက်တမ်းတိုးနိုင်ခဲ့ပါပြီ” ဟုလည်း၎င်း၏မှတ်ချက်၌ဆိုခဲ့သည်။

မစ္စတာဂူတာရက်စ်ကလည်း ယခုသဘောတူညီချက်သည် ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာဖူလုံရေးအတွက် အရေးကြီးကြောင်းပြောကြားခဲ့ပြီး ယူကရိန်းနှင့်ရုရှားတို့၏ထုတ်ကုန်များသည် ကမ္ဘာကိုကျွေးမွေးနေခြင်းဖြစ်သည်ဟုဆိုကာ ပိုမိုပြည့်စုံသည့်ရေရှည်သဘောတူညီချက်မျိုးလည်းလိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ယူကရိန်းသည် ရုရှားနှင့်စစ်မဖြစ်မီက ကမ္ဘာ့အဓိကဂျုံတင်ပို့သူတစ်ဦးလည်းဖြစ်သည်။ရုရှားနှင့်စစ်ပွဲ စတင်ပြီးနောက် ရုရှားစစ်သင်္ဘောများက ယူကရိန်း၏ပင်လယ်နက်ဆိပ်ကမ်းများကိုပိတ်ဆို့ထားလိုက်သောကြောင့် ဂျုံတင်ပို့မှုများရပ်ဆိုင်းကာ ကမ္ဘာ့ဈေးကွက်၌စားသောက်ကုန်ဈေးနှုန်းများကိုတဟုန်ထိုးမြင့်တက်သွားစေခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here