မိုခါ မုန်တိုင်းကြောင့် နေအိမ် (၄၀၀၀၀) ကျော် ပျက်စီး ဆုံးရှုံးပြီး သေဆုံးသူ (၄၈) ဦးအထိရှိလာဟု နစကထုတ်ပြန်

0
200

ပြီးခဲ့သည့် မေလ (၁၄) ရက်က ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် စူပါဆိုင်ကလုန်း မိုခါကြောင့် ရခိုင်အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နေအိမ် (၄၄၉၂၈) လုံး ပျက်ဆီးဆုံးရှုံးခဲ့ပြီး သေဆုံးသူ (၄၈) ဦးအထိရှိလာကြောင်း နစက က သတင်းထုတ်ပြန်သည်။

အဆိုပါ အရေအတွက်မှာ မေလ (၁၇) ရက် ညပိုင်းက နစက၏ သတင်း ထုတ်ပြန်ချက်ဖြစ်ပြီး မြေပြင်အချက်အလက်များနှင့် ကွာဟမှုများရှိနိုင်သည့်အပြင် ဆက်လက်ကောက်ယူရရှိသည့် အချက်အလက်များအရ အရေအတွက်များမှာ အချိန်နှင့် တပြေးညီ အပြောင်းအလဲများလည်း ရှိနေနိုင်သည်။

နစက၏ ထုတ်ပြန်ချက်အရ မေလ (၁၇) ရက် မွန်းလွဲပိုင်းအထိ ‌ကောက်ယူရရှိသည့် စာရင်းများအရ ရခိုင်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ရပ်ကွက်နှင့်ကျေးရွာ (၁,၀၆၈) ရွာမှ လူနေအိမ် (၄၄,၉၂၈) လုံး၊ သာသနိက အဆောက်အဦ (၃၆၇) လုံး၊ ဘုန်းတော်ကြီးကျောင်း (၅၉) ကျောင်း၊ စာသင်ကျောင်း (၄၃၉) ကျောင်း၊ ဆေးရုံ/ဆေးခန်း (၅၉) ခု၊ ဆက်သွယ်ရေးတာဝါတိုင် (၁၁) ခု၊ ဓာတ်မီးတိုင် (၁၁၉) တိုင်၊ ထရန်စဖော်မာ (၅) ခု၊ ဈေး (၁) ခု၊ လေဆိပ် (၂) ခု၊ ဌာနဆိုင်ရာ အဆောက်အဦ (၁၅၈) လုံး ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ (၄၈) ဦးသေဆုံးခဲ့‌ကြောင်း သိရသည်။

ဒေသခံများ၏ ပေါ်ပြူလာနယူးစ်သို့ ပြောကြားချက်အရ စူပါဆိုင်ကလုန်း မိုခါ၏ အရှိန်ကြောင့် မုန်တိုင်းဗဟိုချက်နှင့် အနီးဆုံးကျရောက်ခဲ့သည့် စစ်တွေမြို့နယ်နှင့် ရသေ့တောင် မြို့နယ်တို့တွင် ပျက်စီးဆုံးရှုံးမှု အမြင့်ဆုံး ဖြစ်ခဲ့ပြီး သေဆုံးသူအရေအတွက်မှာလည်း ရာနှင့်ချီ၍ ရှိနိုင်ကြောင်း သိရသည်။

ကုလသမဂ္ဂ၏ သတင်းထုတ်ပြန်ချက်အရ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် လူဦးရေ (၅) သန်းကျော် ထိခိုက်ဆုံးရှုံးနိုင်သည်ဟုခန့်မှန်းထားပြီးအရေးပေါ် ကူညီထောက်ပံ့မှုများ လုပ်ဆောင်ရန်လိုအပ်နေကြောင်း သိရသည်။

လက်ရှိတွင် အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ဒေသများတွင် အရေးပေါ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ် ဆောင်လျက်ရှိပြီး UN အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများကလည်း ကူညီထောက်ပံ့မှုများ လုပ်ဆောင်ရန် အသင့်အနေအထား ရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here