ပြည်ပသို့ ဒေါ်လာ (၁၀၀၀၀) အထက်ပမာဏ ငွေလွှဲပေးပို့မှုများကို စိစစ်ပြီးမှသာ ခွင့်ပြု

0
334

ပြည်ပသို့ ဒေါ်လာ ၁၀၀၀၀ နှင့်အထက် ပမာဏအား ငွေလွှဲပေးပို့မှုများကို အခွန်ဆောင်ထားခြင်းရှိမရှိနှင့် အခွန်စာရင်း ရှင်းလင်းထားမှုရှိ မရှိ စိစစ်ပြီးမှသာ ခွင့်ပြုလျက်ရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။

စီးပွားရေးလုပ်ငန်းရှင်၊ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ တစ်ဦးချင်း ပုဂ္ဂိုလ်များအနေဖြင့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ (ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေ) အထက်ပမာဏအား ပြည်ပသို့ လွှဲပြောင်းပေးပို့ရာတွင် နိုင်ငံတော်သို့ ပေးဆောင်ရမည့် အခွန်အကောက်များ အကြေပေးဆောင်ထားပြီးခြင်းရှိ မရှိ၊ အခွန်စာရင်းရှင်းလင်းမှု ဆောင်ရွက်ထားခြင်းရှိမရှိတို့ကို နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရ ဘဏ်များက ၂၀၂၃ ခုနှစ် မေ (၁) ရက်မှစ၍ စိစစ်ဆောင်ရွက်နေပြီဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ လုပ်ငန်းစဉ်၌ ပြည်ပသို့ နိုင်ငံခြားငွေလွှဲပြောင်းမည့်သူအနေဖြင့် လွှဲပြောင်းမည့် ဝင်ငွေ/ပေးချေငွေအမျိုးအစားအလိုက် တင်ပြရန်လိုအပ်သည့်အထောက်အထားများကိုလည်း အောက်ပါအတိုင်း အသိပေးကြေညာထားသည်။

လွှဲပြောင်းမည့် ဝင်ငွေအမျိုးအစားနှင့် တင်ပြရန် လိုအပ်သည့် အထောက်အထားများမှာ အမြတ်ငွေလွှဲပြောင်းခြင်း၊ ကုန်ပစ္စည်းဖိုးပေးချေခြင်း၊ အတိုး၊ လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ ခိုင်ကြေး၊ မူပိုင်ခွင့်အတွက် ပေးချေငွေ၊ ဝန်ဆောင်ခပေးချေငွေများအတွက် ပုံစံ ပတခ(ဝင)-၈ သို့ မဟုတ် ပုံစံ SAS-1၊ အခွန်ဆိုင်ရာ စည်းကြပ်မှုများ မပြုလုပ်ရသေးသည့် အခွန်ထမ်းအသစ်ဖြစ်ပါက ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပေးထားသည့် အခွန်ထမ်းမှတ်ပုံတင်လက်မှတ် (ပုံစံ ပတခ (ဝင)-၀၁-၀၂)၊ withholding Tax၊ နုတ်ယူ ပေးသွင်းထားပြီးဖြစ်ကြောင်း သို့မဟုတ် အခွန်ကျသင့်ခြင်းမရှိကြောင်း သက်ဆိုင်ရာအခွန်ရုံးမှ ထုတ်ပေးထားသည့် အထောက်အထား (အဆိုပါအထောက်အထားအား သက်ဆိုင်ရာအခွန်ရုံးများထံ လျှောက်ထားရယူရမည်ဖြစ်ကြောင်း) ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here