နှစ် ၁၀၀၀ ကျော် သက်တမ်းရှိ ကမ္ဘာ့ရှေးအကျဆုံး ဟေဗြဲကျမ်းစာအုပ် ဒေါ်လာ သန်း ၃၀ ကျော်ဖြင့် အရောင်းထွက်

0
350

ကျမ်းစာပိုဒ် အကုန်နီးပါး ပါဝင်ပြီး နှစ်တစ်ထောင်ကျော် သက်တမ်းရှိသော ကမ္ဘာ့ရှေးအကျဆုံး ဟေဗြဲ (ဟီဘရူး) သမ္မာကျမ်းစာအုပ်ကို နူးယော့ခ်မြို့တွင် မေလ ၁၇ ရက် ဗုဒ္ဓဟူးနေ့၌ အမေရိကန် ဒေါ်လာ ၃၈ ဒသမ ၁ သန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

အဆိုပါ သမ္မာကျမ်းစာအုပ်သည် လေလံပွဲ၌ ရောင်းချဖူးသမျှ စာအုပ်များထဲတွင် တန်ဖိုးအကြီးဆုံး စာအုပ်ဖြစ်လာကြောင်း အနုပညာလက်ရာများကို ရောင်းချပေးရာတွင် အယုံကြည်ရဆုံးနှင့် ကမ္ဘာ့အကြီးဆုံး ဈေးကွက်ကြီးဖြစ်သည့် ဆော့သဘိစ် (Sotheby’s) က ပြောလာခဲ့သည်။

ခိုးဒက်စ် ဆက်စ်ဆွန်း (Codex Sassoon) ဟုခေါ်သည့် အဆိုပါ ကျမ်းစာအုပ်ကို ရိုမေးနီးယားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဲဖရတ် မိုးဆက်စ်နှင့် သူ၏ မိသားစုတို့က အမေရိကရှိ ANU အဖွဲ့အစည်းကိုယ်စား ဝယ်ယူပေးခဲ့ပြီး အစ္စရေးနိုင်ငံ၊ တယ်လဗီ မြို့ရှိ ဂျူးလူမျိုးတို့၏ ANU ပြတိုက်ထံ လှူဒါန်းသွားမည်ဖြစ်သည်။

ဆော့သဘိစ်က ထိုကျမ်းစာအုပ်သည် ကမ္ဘာ့အကြီးမြတ်ဆုံး ရတနာများထဲမှ တစ်ခုဖြစ်ပြီး တစ်ဆူတည်းသော ဘုရားကို ကိုးကွယ်သည့် ဂျူးဘာသာ၊ အစ္စလာမ် ဘသာနှင့် ခရစ်ယာန်ဘာသာတို့အပေါ် လွှမ်းမိုးမှုအား ကောင်းလျက်ရှိသည်ဟု ၎င်း၏ ဝက်ဘ်ဆိုဒ်ပေါ်၌ ရေးသားထားသည်။

ဟေဗြဲ သမ္မာကျမ်းစာအုပ်တွင် ကျမ်းပေါင်း ၂၄ ကျမ်း ပါဝင်ပြီး ထိုကျမ်းများအား ခရစ်ယာန်ဘာသာ၌မူ ဓမ္မဟောင်းကျမ်းဟူ၍ ခေါ်ဝေါ်ကြသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here