စူပါဆိုင်ကလုန်း မိုခါကြောင့် သေဆုံးသူ (၁၄၅) ဦးအထိရှိလာပြီး တပ်မတော်သား (၄) ဦးပါဝင်

0
258

ဘင်္ဂါလီ (၄၀၀) သေဆုံးသည်ဆိုသည့်သတင်း မဟုတ်မှန်ဘဲ (၁၁၇) ဦးသာ သေဆုံးဟု နစက ထုတ်ပြန်

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ (၁၄၅) ဦး အထိ ရှိလာပြီး တပ်မတော်သား (၄) ဦး ပါဝင်ကြောင်း နစက က သတင်းထုတ်ပြန်သည်။

‌ယနေ့ မေလ (၁၉) ရက် နံနက်ပိုင်း နစက၏ ထုတ်ပြန်ချက်အရ သေဆုံးသူ (၁၄၅) ဦးတွင် တပ်မတော်သား (၄) ဦး ၊ ဘင်္ဂါလီ (၁၁၇) ဦးနှင့် ဒေသခံ (၂၄) ဦး မုန်တိုင်းကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အရေအတွက် စာရင်းများမှာ ယမန်နေ့ မေလ (၁၈) ရက် ညပိုင်းအထိ မြေပြင်၌ ကောက်ယူရရှိထားသည့် စာရင်းများဖြစ်ပြီး လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဘင်္ဂါလီ (၄၀၀) ဦး သေဆုံးသည် ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်းလည်း နစက ဘက်က ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စတင်ကာ သတင်းဌာန အချို့နှင့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် စစ်တွေမြို့အနီးက IDP Camp များမှ ဘင်္ဂါလီ လူမျိုး (၄၀၀) ဝန်းကျင် သေဆုံးခဲ့ကြောင်း ရေးသားဖော်ပြခဲ့ကြခြင်း ဖြစ်ပြီး အဆိုပါ သတင်းများမှာ သတင်းမှားသာဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မိုခါ မုန်တိုင်း မဝင်ရောက်မီ မေလ (၁၂) ရက်ကတည်းက ရခိုင်ပြည်နယ် (၁၇) မြို့နယ်ရှိ မုန်တိုင်း ဘေးဒဏ်သင့်နိုင်ချေများသည့် ဒေသများမှ ပြည်သူများကို ဦးစားပေးအနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း နစက ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းသို့ ရွှေ့ပြောင်းရာတွင် စစ်တွေမြို့အနီးမှ IDP Camp (၂၇) ခုမှ ဘင်္ဂါလီ မိသားစုများကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် စီစဉ်ပေးခဲ့ရာ ဘင်္ဂါလီ ဦးရေ (၁၂၅၇၈၉) ဦးအနက် (၆၃၃၀၂)ဦးခန့်အား ဘေးလွတ်ရာအဆောက် အဦးများနှင့် ဆိုင်ကလုန်း Shelter များသို့ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရွှေ့ပြောင်းရာ၌ သက်ကြီးရွယ်အိုများနှင့် ကလေးများ၊ မသန်စွမ်းများ၊ ကိုယ်ဝန်ဆောင်များအား ရွှေ့ပြောင်းပြီးမှသာ ကျန်းမာသန်စွမ်းသူများအား အသုတ်လိုက်ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်ပြီး ယခုသေဆုံးသူများသည် တာဝန်ရှိသူများ၏ ပြောင်းရွှေ့ပေးမှုကို လိုက်ပါခြင်းမရှိဘဲ မိမိအစီအစဉ်ဖြင့် နေအိမ်များ၌ ကျန်ရှိခဲ့သူများသာဖြစ်ကြောင်း နစက က ထုတ်ပြန်သည်။

လက်ရှိ ကောက်ယူရရှိထားသည့် သေဆုံးသူ (၁၄၅) ဦးမှာ စစ်တွေမြို့အပါအဝင် ၊ ရသေ့တောင် ၊ ပုဏ္ဏားကျွန်း၊ မြေ ပုံစသည့် မြို့နယ်များမှ ဒေသခံ တိုင်းရင်းသားများနှင့် IDP Camp များမှ ဘင်္ဂါလီ လူမျိုးများ ပါဝင်နေကြောင်း နစကက သတင်းထုန်ပြန်ထားသည်။

ထို့အပြင် ဘင်္ဂါလီ (၄၀၀) ကျော် သေဆုံးသည်ဟုဆိုကာ သတင်းမှား ဖြန့်ဝေကာ ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန် ထုတ်လွှင့်မှုများကို ဖော်ထုတ်အရေးယူသွားမည်ဟုခည်း နစကက ထုတ်ပြန်အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here