ရေကြောင်းလူငယ်များအားထက်မြက်သည့် ကာယအား၊ဉာဏအားများနှင့်နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် တစ်ထောင့်တစ်နေရာမှပါဝင်ဖို့တိုက်တွန်း

0
120

ပညာကိုကောင်းစွာသင်ကြားကြရမည့်အချိန်အခါတွင် မိမိစိတ်ကိုပျက်စီးလေလွင့်စေမည့်အခြားအရာများနှင့်မပတ်သက်မိအောင် သတိပြုနေထိုင်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ မှာကြားခဲ့ခြင်းဖြစ်သည်။

ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)၊အခြေခံလေကြောင်းလူငယ်သင်တန်း(အကြီးတန်းအဆင့်) နှင့်(အငယ်တန်းအဆင့်)(၁/၂၀၂၃)တို့မှ သင်တန်းသား၊သင်တန်းသူများနှင့်အုပ်ချုပ်သူနည်းပြများအား မေ ၁၉ ရက်မွန်းလွဲပိုင်းက နစက ဥက္ကဋ္ဌမှ နေပြည်တော်၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။

ပထမအရွယ်တွင်ရှိနေသည့် လူငယ်လူရွယ်များအနေဖြင့် ပညာကိုကောင်းစွာသင်ကြားရမည့်အချိန်တွင် မိမိစိတ်ကိုပျက်စီးလေလွင့်စေမည့်အခြားအရာများနှင့်မပတ်သက်မိအောင် သတိပြုနေထိုင်ကြရမည်ဟု မှာကြားခဲ့သည်။

ထို့ပြင် မိမိ၏ကျန်းမာရေးအား လျစ်လျူရှုနေ ထိုင်ခြင်းများမဖြစ်စေရန်အရေးကြီးကာ “အာရောဂျံ ပရမံ လာဘံ”ဆိုသည့်အတိုင်း ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်၍ အကျိုးမရှိသည့် ကွမ်း၊ဆေး၊အရက်စသည့် မူးယစ်ဆေးဝါး အခြေခံအမူအကျင့်များကို ရှောင်ရှားကြရမည်ဟု မှာကြားသည်။

“လူငယ်တွေရဲ့ စာရိတ္တမဏ္ဍိုင်ပျက်စီးယိုယွင်းမှု ဇစ်မြစ်ကိုဖော်ထုတ်လိုက်ရင် မူးယစ်ဆေးဝါးက အဓိကတရားခံဖြစ်တာကို တွေ့ရှိရပါတယ် ကျန်းမာကြံ့ခိုင်မှသာ မိမိအလိုရှိရာကို စိတ်သွားတိုင်းကိုယ်ပါစီမံဆောင်ရွက်နိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် ကျန်းမာရေးလိုက်စားပြီး ခန္ဓာကိုယ်ကြံ့ခိုင်သန်မာအောင် ကိုယ်လက်လှုပ်ရှားအားကစားများကို ပြုလုပ်ရန်လိုအပ်ပြီး ကြံ့ခိုင်သန်စွမ်းပြီးထက်မြက်သည့် ကာယအား၊ဉာဏအားများနှင့်နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် တစ်ထောင့်တစ်နေရာမှပါဝင်နိုင်ရန် ကြိုးစားကြရမည်ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။

သင်တန်းတက်ရောက်ရာမှတစ်ဆင့်ရရှိခဲ့သည့် လူငယ်အချင်းချင်းချစ်ခင်စည်းလုံးညီညွတ်မှုများကိုဆက်လက်မွေးမြူ၍ ပြည်ထောင်စုစိတ်ဓာတ်ကိုတည်ဆောက်ရန်၊နိုင်ငံတော်အတွက် လူသားအရင်းအမြစ်များပြုစုပျိုးထောင်နေချိန်တွင် သင်ယူခဲ့သည့် ပညာရပ်ဆိုင်ရာအခြေခံသဘောတရားများမှ အကျယ်ချဲ့စဉ်းစားပြီး ထပ်မံစူးစမ်းလေ့လာမှုများပြုလုပ်သွားကြရန်လည်း မှာကြားခဲ့သည်။

ထို့ပြင် မှန်ကန်သည့်အသိအမြင်များရရှိစေရန် စာကောင်းပေမွန်များကိုဖတ်ရှုပြီး မိဘဆရာသမားများ၏ အဆုံးအမများအတိုင်းလိုက်နာနေထိုင်ကြရန်၊ “ပညာရွှေအိုး လူမခိုး” ဟူသည့်အတိုင်း ပညာခေတ်တွင် ပညာရှာရင်း မိမိတို့၏ကျန်းမာရေးအတွက် ဂရုပြုဆင်ခြင်နေထိုင်သွားကြရန်လည်း နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here