နိုင်ငံတကာ ဥပဒေနှင့်ညီသော တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံးတစ်ရပ် အပြီးသတ်နိုင်ရေး ကြိုးပမ်းကြရန် တရုတ်နှင့် အာဆီယံ ကတိပြု

0
133

မေ (၁၇) ရက်က ဗီယက်နမ်နိုင်ငံ၊ဟလောင်မြို့၌ ကျင်းပခဲ့သည့် (၂၀)ကြိမ်မြောက် အာဆီယံ – တရုတ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် ယခုကဲ့သို့ ကတိပြုခဲ့ကြခြင်း ဖြစ်သည်။

အစည်းအဝေးတွင် တောင်တရုတ်ပင်လယ်နှင့် ပတ်သက်၍ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာချက် (DOC)အကောင်အထည်ဖော်မှု၏ တိုးတက်မှုများကို သုံးသပ်ကာ တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်တိုးတက်မှုများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် လက်တွေ့ကျသည့် ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်သစ်များ ကြိုဆိုခြင်း၊ ၂၀၂၃ ခုနှစ်အတွက် DOC အကောင်အထည်ဖော်ရေးဆိုင်ရာ နှစ်အလိုက်လုပ်ငန်း စီမံချက်များအား အတည်ပြုခြင်း၊ တောင်တရုတ် ပင်လယ်ဆိုင်ရာ ကျင့်ထုံးတစ်ရပ်၏ တစ်ခုတည်းသော ညှိနှိုင်းစာသားကို ဆောလျင်စွာအပြီးသတ်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ အရှိန်မြှင့်တင်ရန် DOC ဆိုင်ရာ အာဆီယံ − တရုတ် ပူးတွဲလုပ်ငန်းအဖွဲ့အား တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် DOC အပြည့်အဝ ထိရောက်စွာ အကောင်အထည်ဖော်ရေးနှင့် ၁၉၈၂ ခုနှစ် ပင်လယ်ပြင် ဥပဒေဆိုင်ရာကုလသမဂ္ဂ ကွန်ဗင်ရှင်းအပါအဝင် နိုင်ငံတကာဥပဒေနှင့်အညီ ထိရောက်၍ အနှစ်သာရပြည့်ဝသော တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံးတစ်ရပ် (COC)ဆောလျင်စွာ အပြီးသတ်ရေး ကြိုးပမ်းဆောင်ရွက်ရန်လည်း ကတိပြုခဲ့ကြကြောင်းလည်း သိရသည်။

အဆိုပါ (၂၀) ကြိမ်မြောက် အာဆီယံ – တရုတ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးချမ်းအေးက တရုတ်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နယ်နိမိတ်နှင့် ပင်လယ်သမုဒ္ဒရာဆိုင်ရာဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Hong Liang နှင့်အတူ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒု- အတွင်းရေးမှူးချုပ်နှင့် ကိုယ်စား လှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး DOC အကောင်အထည်ဖော်ရေးဆိုင်ရာ (၂၁) ကြိမ်မြောက် အာဆီယံ – တရုတ်အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ စတုတ္ထ သုံးလပတ်ကာလတွင် တရုတ်နိုင်ငံ၌ ကျင်းပရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here