တရုတ်သို့တင်ပို့သည့် ကြက်သွန်နီဈေးကောင်းရနေ

0
216

အခြေခံစားသောက်ကုန်ဈေးကွက်အတွင်း တရုတ်နိုင်ငံသို့တင်ပို့သည့် ကြက်သွန်နီမှာဈေးကောင်းရနေကြောင်း ရွှေပြည့်အောင်ပွဲရုံမှ သိရသည်။

တရုတ်ဝယ်လက်များသည် ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့်ကြက်သွန်နီများကို ၂၁၀၀ အထိဈေးပေး၍ ဝယ်ယူမှုများရှိနေပြီး ထိုင်းနိုင်ငံသို့တင်ပို့သည့်ကြက်သွန်ဈေးနှုန်းမှာ ၁၉၀၀ ရှိကြောင်း၊ အဆိုပါဈေးကွက်နှစ်ခုသည် ၂၀၀ ကျပ်ကွာဟမှုရှိကြောင်း သိရသည်။

“တရုတ်ဝယ်လက်တွေက ဈေးကောင်းပေးဝယ်တယ်။ ဆိုဒ်ဆိုလို့ရှိရင်လည်း သူကတစ်ဆိုဒ်တည်း၊ အဲဒါမှဈေးရတာ။ မြဝတီကနေ ထိုင်းကိုတင်ပို့တယ့် ကြက်သွန်ကကျတော့ ဘယ်ဆိုဒ်ဖြစ်ဖြစ်ရတယ်။ သူကဆိုဒ်မရွေးဘူး။ အဲဒါကြောင့် ဈေးကွာတာ”ဟုရွှေပြည့်အောင်ပွဲရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်နီစိုက်ဧက ၁ ဒသမ ၇ သိန်းကျော်ရှိပြီး နှစ်စဉ်တန်ချိန် တစ်သန်းကျော် ထွက်ရှိသည့်အတွက် ပြည်ပဈေးကွက်သို့ တိုးချဲ့တင်ပို့ရန်စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကပြောကြားထားသည်။

ဖိလစ်ပိုင်နိုင်ငံအပါအဝင် ဈေးကွက်အလားအလာရှိသည့်နိုင်ငံများသို့ တိုးချဲ့တင်ပို့ရန်အတွက် အစိုးရချင်းချိတ်ဆက်ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီးနှံများစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ တင်ပြထားသည်။

လက်ရှိတွင် မြန်မာပြည်၌ စိုက်ပျိုးထုတ်လုပ်သည့် ကြက်သွန်နီကို ပြည်ပဝယ်လိုအားဖြစ်သည့် ထိုင်းနိုင်ငံ၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံမှ အဓိကဝယ်ယူနေခြင်းဖြစ်ပြီး နယ်မှ ရန်ကုန်(ဘုရင့်နောင်ကုန်စည်ဒိုင်)သို့ ကြက်သွန်ကားအစီးရေနေ့စဉ် ၅၀ ဝန်းကျင်ဝင်ရောက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here